Serie A,  ဘောလုံးသတင်း

အယ်လီဂရီ

ဂျူဗင်တပ်စ်အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်နေသည့် အယ်လီဂရီက ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြရန် အခွင့်အရေးရခဲ့သော်လည်း ငြင်းဆန်ခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် နည်းပြ အယ်လီဂရီ၏သတင်းtစာရှင်လင်းပွဲကို ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့ပြီး အယ်လီဂရီက ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။”ကျွန်တော့်ကို အခွင့်အရေးပေးတဲ့အတွက် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်ကတော့ ဂျူဗင်တပ်စ်အသင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကလပ်အသင်းကို ကျွန်တော် ချစ်ခင်မြတ်နိုးပါတယ်။ ပြီးတော့ လူငယ်တွေများတဲ့ ဒီအသင်းအပေါ် ယုံကြည်မှုလည်း ရှိပါတယ်။ ဒီလိုကစားသမားတွေကို နည်းပြခွင့်ရတာဟာ ကျေနပ်စရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အောင်မြင်မှုရဖို့တော့ လိုပါတယ်။ ဒါက အရေးကြီးဆုံးအရာပါပဲ”ဟု အယ်လီဂရီက ပြောကြားခဲ့သည်။

အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သူ အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ ငါးရာသီကြာ ကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံဆု ငါးနှစ်ဆက်အပါအဝင် ဆုဖလား ၁၁ လုံးအထိ ရရှိခဲ့သည်။

ထို့ပြင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်ကြိမ်တိုင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် နိုင်ပွဲရာခိုင်နှုန်းအမြင့်ဆုံးနည်းပြအဖြစ် ၇၀ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် စံချိန်တင်ထားသူဖြစ်သည်။အယ်လီဂရီသည် ၂၀၁၈ ခုနှစ်တွင်လည်း ရီးယဲလ်အသင်းမှကမ်းလှမ်းမှုကို ပယ်ချခဲ့ဖူးသည်။