ဘောလုံးပွဲကြိုခန့်မှန်း

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၄ ပွဲကြိုသုံးသပ်ချက်

ဝုလ်ဖ်ဘတ် – ဆာလ်ဇ်ဘာ့ဂ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ဝဝး၁၅ နာရီ)

ရလဒ်တွေ ဆက်တိုက်ကျဆင်းနေတဲ့ ဝုလ်ဖ်ဘတ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဆာလ်ဇ်ဘာ့ဂ်ကို ဂိုးပြတ်အရှုံးပေးခဲ့ရတယ်။ ဝုလ်ဖ်ဘတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ရာသီတွေမှာ ဖြစ်လေ့ရှိတဲ့ ထုံးစံအတိုင်းပဲ ဒီရာသီမှာ မနှစ်ကခြေစွမ်းမျိုး မ တွေ့ရတော့ပြန်ဘူး။ ဆာလ်ဇ်ဘာ့ဂ်က ခြေစွမ်းတည်ငြိမ်ပြီး တိုက်စစ်ထက်မြက်တယ်။ ပုံမှန်ခြေစွမ်းနဲ့ ရလဒ်ပိုင်းကိုလည်း ထိန်းထားနိုင်တာ တွေ့ရတယ်။ အဝေးကွင်းဆိုပေမဲ့ ဝုလ်ဖ်ဘတ်ကို ယှဉ်နိုင်ပါတယ်။ ဆာလ်ဇ်ဘာ့ဂ်ပဲ ကြိုက်တယ်။ 

မာလ်မို – ချယ်လ်ဆီး(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ဝဝး၁၅ နာရီ)

ချယ်လ်ဆီးက အကောင်းဆုံးပုံစံပြသနေတယ်။ ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေတယ်။ အဓိကတိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတာလည်း ပြဿနာမပေါ်ဘူး။ ကွင်းလယ်လုပ်အားနှုန်းကောင်းပြီး အသင်းလိုက်ဟန်ချက်ညီတာ၊ ခံစစ်မာကျောတာတွေက ရလဒ်ကောင်းတွေကို အကူအညီပေးနေတာ တွေ့ရတယ်။ နိုင်ပွဲတွေဆက်တိုက်ယူဖို့ ယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်တယ်။ ချယ်လ်ဆီးပဲ ကြိုက်တယ်။ 

ဘိုင်ယန်မြူးနစ် – ဘင်ဖီကာ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၁း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်ရဲ့ မိုချန်ဂလာဘတ်နဲ့ပွဲတုန်းက ရှုံးပွဲက မယုံနိုင်စရာ၊ အံ့သြတုန်လှုပ်စရာဖြစ်တယ်။ ဒါပေမဲ့ အူန်ယွန်းဘာလင်နဲ့ပွဲမှာတော့ (၅)ဂိုးပြန်သွင်းပြီး ရလဒ်ဆိုးကနေ ပြန်ရုန်းထွက်နိုင်စွမ်းကို ပြသနိုင်ခဲ့တယ်။ ဘင်ဖီကာက နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲနှစ်ပွဲဆက် သရေကျထားပြီး ဂိုးတွေလည်း ပေးခဲ့ရတယ်။ အိမ်ကွင်းမှာလည်း ဘိုင်ယန်မြူးနစ်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရတာကို တွေ့ရတယ်။ ဒါကြောင့် ဘိုင်ယန်ပဲ ဂိုးတွေသွင်းပြီး နိုင်သွားလိမ့်မယ်။ 

ဒိုင်နမိုကိဗ် – ဘာစီလိုနာ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၁း၃၀ နာရီ)

ဒိုင်နမိုကိဗ်က ပြည်တွင်းပွဲမှာ ခြေစွမ်းပြနေပြီး နိုင်ပွဲတွေဆက်နေတာ တွေ့ရတယ်။ ဘာစီလိုနာက အားအနည်းဆုံးအချိန်ဖြစ်ပြီး ရလဒ်တွေကလည်း တိုးတက်မလာဘူး။ လက်ရှိအနေအထားက အုပ်စုကတက်ဖို့အတွက်တောင် ရုန်းကန်ရမယ့် အနေအထားမျိုးဖြစ်နေတယ်။ ဒိုင်နမိုကိဗ်ကို ပထမအကျော့တုန်းက အနိုင်ကစားထားခဲ့ပေမဲ့ အဝေးကွင်းမှာတော့ ဘာစီလိုနာရဲ့ခြေစွမ်းက စိတ်ချရတဲ့အဆင့်မှာ မရှိဘူး။ ဒိုင်နမိုကိဗ်ကိုပဲ ကြိုက်တယ်။ 

အတ္တလန်တာ – မန်ယူ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၁း၃၀ နာရီ)

မန်ယူနဲ့ အတ္တလန်တာတို့က ပြီးခဲ့တဲ့ပွဲမှာ မန်ယူက အိမ်ကွင်းနိုင်ပွဲယူထားတယ်။ ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ဒ်၊ နောက်ခံလူ မက်ဂွိုင်းရားနဲ့ ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ခြင်းဖြစ်တယ်။ ခြေစွမ်းပိုင်းအရ သိပ်မကွာဘူးလို့ ပြောနိုင်ပြီး မန်ယူခံစစ်ကို အတ္တလန်တာတိုက်စစ်က အလုပ်ပေးနိုင်ခဲ့တာတွေ့ရတယ်။ ဒီရာသီ အတ္တလန်တာက နည်းနည်းအားနည်းသွားတယ်လို့တော့ ယူဆစရာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ သူတို့အသင်းရဲ့ ပုံမှန်ကစားပုံနဲ့ သွင်းဂိုးတွေကို ပြန်မြင်လာရတယ်။ ခံစစ်ပိုင်းကတော့ ပွဲတိုင်းလိုလို ဂိုးတွေပေးနေရတယ်။ ပိုဆိုးတာက အားထားရတဲ့ကစားသမားတွေဖြစ်တဲ့ ဂျာမနီနောက်ခံလူ ဂူဆန်၊ နယ်သာလန်နောက်ခံလူ ဟာတီဘိုးဝါးတို့လည်း မပါနိုင်ဘူး။ သရေဆို ကျေနပ်သင့်တယ်။ 

ဗီလာရီးယဲလ် – ယန်းဘွိုင်းစ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးရဲ့ လက်ရှိခြေစွမ်းတွေက အားရစရာမရှိဘူး။ ပြည်တွင်းလိဂ်မှာ နှစ်သင်းစလုံး ခြေစွမ်းကျဆင်းပြီး ရလဒ် တွေ ယိမ်းယိုင်နေတာကို တွေ့ရတယ်။ ယန်းဘွိုင်းစ်က အဖွင့်ပွဲမှာ မန်ယူကို မထင်မှတ်ဘဲ အနိုင်ရခဲ့ပေမဲ့ နှစ်ပွဲဆက်ပြန်ရှုံးပြီး ပုံမှန်နေရာ ပြန်ရောက်သွားတယ်။ ဗီလာရီးယဲလ်နဲ့ အိမ်ကွင်းပွဲမှာလည်း ဂိုးပြတ်ရှုံးထားတယ်။ အခု ဗီလာရီးယဲလ်ကွင်းမှာလည်း ဗီလာရီးယဲလ်ကိုပဲ ကြိုက်တယ်။ 

ဂျူဗင်တပ်စ် – ဇင်းနစ်(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၁း၃၀ နာရီ)

ဂျူဗင်တပ်စ်က ပြည်တွင်းလိဂ်မှာ ရလဒ်တွေ ကောင်းလာပြီးမှ ပြန်ကျသွားပြန်တယ်။ ဒီရာသီခြေစွမ်းနဲ့ ရလဒ်ပိုင်းက လုံးဝစိတ်မချရဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ အားကောင်းနေတာကို တွေ့ရတယ်။ ပွဲတိုင်းနိုင်ထားပြီး ပွဲတိုင်း Clean Sheet တွေလည်း ယူနိုင်ခဲ့တယ်။ ဒီပွဲကလည်း အိမ်ကွင်းကစားရမှာဖြစ်ပြီး  နိုင်ရင် နောက်တစ်ဆင့် သေချာပေါက်တက်ပါပြီ။ ဂျူဗင်တပ်စ် ဂိုးမပြတ်ဘဲ အနိုင်ရလိမ့်မယ်။ 

ဆီဗီလာ – လိုင်လီ(မြန်မာစံတော်ချိန် နိုဝင်ဘာလ ၃ ရက် နံနက် ၁း၃၀ နာရီ)

ဒီအုပ်စုမှာ ဆာလ်ဇ်ဘာ့ဂ်က အခြေအနေကောင်းနေပြီး ကျန် (၃)သင်းကတော့ မျှော်လင့်ချက်ကိုယ်စီရှိကြသေးတယ်။ လက်ကျန်ပွဲတွေမှာ အမှားနည်းတဲ့အသင်းက နောက်တစ်ဆင့်တက်သွားနိုင်တယ်။ လက်ရှိအနေအထားအရတော့ ခြေစွမ်းရော၊ အတွေ့အကြုံအရပါ ဆီဗီလာကို ပိုကြိုက်တယ်။ လိုင်လီကွင်းမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး သရေယူခဲ့တယ်။ အခု အိမ်ကွင်းပွဲမှာ ဆီဗီလာ နိုင်ပွဲရမယ်ထင်တယ်။