Premier League,  ဘောလုံးသတင်း

ဒါဘီပွဲတွင် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးကို ရင်ဆိုင်ရမည်ဟု ဂွါဒီယိုလာ သတိပေး

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယနေ့ကစားရမည့် မန်ချက်စတာဒါဘီပွဲတွင် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

မန်ယူနှင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ဒုတိယနေ့ အစောဆုံးပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ယခုနွေရာသီတွင် မန်ယူအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာသည့် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာ ပရီးမီးယားလိဂ်တွင် လေးဂိုးအပါအဝင် ပြိုင်ပွဲစုံ၌ ၁၁ ပွဲကစား ကိုးဂိုးအထိ သွင်းယူပေးထားသဖြင့် ဂွါဒီယိုလာက ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ 

“သူတို့အသင်းမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦး ရှိနေပါတယ်။ သူက ဂိုးသွင်းစက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အခုအချိန်ကစပြီး ယူနိုက်တက်နဲ့ကစားရမယ့်ပွဲက အရေးကြီးဆုံးဖြစ် သွားပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဒါဘီပြိုင်ဘက် မန်ယူအသင်းက ချန်ပီယံလိဂ်ပွဲစဉ် တစ်ရက်စော၍ ကစားရသဖြင့် ပြင်ဆင်ချိန် တစ်ရက်ပိုရခြင်းအတွက် ဂွါဒီယိုလာက “သူတို့ (ပြိုင်ပွဲတာဝန်ရှိသူတွေ) က ကျွန်တော်တို့ကို မနက်ဖြန်မှ ကစားစေချင်တယ်ဆိုရင် ကျွန်တော်တို့ မနက်ဖြန်မှ ကစားရမှာပါ။ ပွဲစဉ်ဇယားကတော့ ဒီလိုပါပဲ။ ကျွန် တော်တို့ စနေနေ့ နေ့လယ် ၁၂ နာရီခွဲကျရင် အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေမှာပါ။ ဘာပဲဖြစ်ဖြစ် အနိုင်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။