Serie A,  ဘောလုံးသတင်း

စီးရီးအေချန်ပီယံအိပ်မက် ပြန်လည်အသက်သွင်းပေးထားသည့် နည်းပြ ပီအိုလီကို အေစီမီလန် လစာတိုးပေး၍ စာချုပ်သစ်ချုပ်မည်

လက်ရှိရာသီတွင် အေစီမီလန်အသင်းကို စီးရီးအေ ချန်ပီယံဆု အိပ်မက်ပြန်လည်အသက်သွင်းပေးထားသည့် နည်းပြ ပီအိုလီကို အသင်းတာဝန်ရှိသူများက စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

အေစီမီလန်အသင်းသည် စီးရီးအေချန်ပီယံဆုကို ၂၀၁၀-၁၁ ရာသီက နောက်ဆုံးအကြိမ်ရယူထားပြီး စီးရီးအေသမိုင်းတစ်လျှောက်  တတိယမြောက် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း နောက်ပိုင်းနှစ်များတွင် ပုံရိပ်ကျဆင်းလာခဲ့သည်။

နည်းပြ ပီအိုလီလက်ထက်တွင် အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိလာသလို၊ စီးရီးအေချန်ပီယံဆုကိုလည်း ပြန်လည်မျှော်လင့်ခွင့်ရှိလာသဖြင့် ယခုအခါ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။

အေစီမီလန်အသင်းသည် ပီအိုလီကို လာမည့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးသွားမည်ဖြစ်ပြီး တစ်နှစ်လစာကိုလည်း ယူရို (၄)သန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပီအိုလီသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် နည်းပြ မာကိုဂျမ်ပေါ်လို၏နေရာအစားထိုးဝင်ရောက်လာပြီးနောက် စီးရီးအေတွင် တစ်ပွဲပျမ်းမျှ (၁. ၉၇)မှတ်ရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။

အေစီမီလန်အသင်း ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီနှင့် အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်တို့သည် ပီိအိုလီကို စာချုပ်သက်တမ်းတိုးရန် အသင့်ရှိနေပြီး အသင်းအား ပိုင်ဆိုင်ထားသည့် Elliott စီမံခန့်ခွဲမှုကုမ္ပဏီမှ တာဝန်ရှိသူများ မီလန်မြို့သို့ ရောက်ရှိလာပါက အပြီးသတ်သွားဖွယ်ရှိနေသည်။

ပီအိုလီသည် စာချုပ်သစ်အရ တစ်နှစ်လစာ ယူရို (၂)သန်းမှ  တစ်နှစ်လစာ ယူရို (၄)သန်းအထိ တိုးမြှင့်ရရှိဖွယ်ရှိနေသော်လည်း ၎င်း၏ လစာပမာဏသည် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီနှင့် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုတို့၏ တစ်နှစ်လစာ ယူရို (၇)သန်းနှင့်နှိုင်းယှဉ်လျှင် များစွာကွာဟနေသေးကြောင်း သိရသည်။

ပီအိုလီက လက်ရှိရာသီအေစီမီလန်အသင်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ”ကျွန်တော်တို့အသင်းရဲ့ အခြေခအနေက ဖန်ခွက်ထဲ ရေတစ်ဝက်ပဲရှိသေးသလိုပါပဲ။  အကောင်းမြင်မှုနဲ့ အဆိုးမြင်မှု ရောနှောနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ကျေနပ်မိပြီး အောင်ပွဲတွေအတွက် ရည်ရွယ်ပြီး ဆက်လက်လျှောက်လှမ်းသွားပါမယ်” ဟု ပြောကြားခဲ့သည်။