Premier League,  ဘောလုံးသတင်း

အင်္ဂလန်အသင်းနှင့်အတူ အမှတ်တရအသစ်များ ဖန်တီးသွားလိုသည်ဟု နည်းပြ ဆောက်ဂိတ် ဖွင့်ဟ

အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ အမှတ်တရအသစ်များ ဖန်တီးသွားလိုသည်ဟု အသင်းနည်းပြဖြစ်သူ ဆောက်ဂိတ်က စာချုပ်သစ်ချုပ်ဆိုပြီးနောက် ထုတ်ဖော်ပြောကြားခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဆောက်ဂိတ် (၅၁နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၆ ခုနှစ်တွင် ယာယီနည်းပြဘဝမှ လအနည်းငယ်အကြာ၌ လေးနှစ်စာချုပ်ဖြင့် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်း၏လက်ထက်တွင် တိုးတက်မှုများ ရှိလာသည့်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ သက်တမ်းတိုးခဲ့သည်။ 

ယခုအခါ ယူရို-၂၀၂၀ ပြိုင် ပွဲ တွင် ဗိုလ်စွဲရန် နီးစပ်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည့်အတွက် ၂၀၂၄ ဒီဇင်ဘာလ အထိ ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် ဆောက်ဂိတ်နှင့်အတူ လက်ထောက်နည်းပြ စတိဗ်ဟော်လန်းကိုလည်း သက်တမ်းတိုးခဲ့သည်။

ဆောက်ဂိတ်က “သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်လို့ ဝမ်းမြောက်မိပါတယ်။ ဒီလိုအခွင့်အရေးပေးခဲ့တဲ့အတွက် FA အမှုဆောင်ချုပ်နဲ့ နည်းစနစ်ဒါရိုက်တာကိုရော ထောက်ခံခဲ့တဲ့ ဘုတ်အဖွဲ့ဝင်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း စိတ်လှုပ်ရှားစရာ မှတ်တမ်းတွေ ချန်ရစ်နိုင်ခဲ့သလို၊ လာမယ့်နှစ်တွေမှာ အမှတ်တရအသစ်တွေ ရေးသားနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟုဆိုခဲ့သည်။