Serie A,  ဘောလုံးသတင်း

ခရစ္စမတ်ကာလပြီးဆုံးမှ ခီယေဆာ ပြန်ကစားနိုင်မည်ဟု ဂျူဗင်တပ်စ် အတည်ပြု

အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ခီယေဆာအနေဖြင့် ခရစ္စမတ်အနားပေးကာလပြီးဆုံးမှသာ ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုထုတ်ပြန်ခဲ့သည်။

ခီယေဆာသည် စနေနေ့က အတ္တလန္တာအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်သည့်ပွဲတွင် ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ကွင်းအတွင်း ဆေးကုသမှုခံယူခဲ့ရသလို ပထမပိုင်းအပြီးတွင် ဘာနာဒက်ခီနှင့် လူစားလဲခဲ့ရသည်။ 

၎င်းအနေဖြင့် ဝဲဘက်ပေါင်ကြွက်သား ထိခိုက်မိခြင်းဖြစ်ပြီး ပြင်းထန်မှုမရှိသော်လည်း ခရစ္စမတ်ကာလပြီးဆုံးမှသာ ပြန်ကစားနိုင်မည်ဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ 

”ခရစ္စမတ်အနားပေးကာလပြီးဆုံးမှ သူပြန်လာနိုင်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ ခီယေဆာအနေဖြင့် ယနေ့ (အင်္ဂါနေ့)ကစားမည့် ဆလာနီတာနာနှင့်ပွဲအပါအဝင် ဂျီနိုအာ၊ ဗင်နီဇီယာ၊ ဘိုလော့ဂ်နာ၊ ကာဂလီယာရီတို့နှင့်ကစားမည့် စီးရီးအေပွဲစဉ် ငါးပွဲ၊ မာလ်မိုအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲတို့ကို လွဲချော် မည်ဖြစ်သည်။ 

စီးရီးအေပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်ကစားမည့် ပွဲစဉ် ၁၉ အပြီးတွင် နှစ်ပတ်ကြာ အနားပေးမည်ဖြစ်ပြီး ဇန်နဝါရီ ၆ ရက်မှ ပြန်လည်စတင်မည်ဖြစ်သည်။