Bundesliga,  ဘောလုံးသတင်း

ဟော်လန်း နောက်တစ်ဆင့်တက်လှမ်းရန် အသင့်ဖြစ်နေပြီး လာမည့်နွေရာသီ၌ အပြောင်းအရွှေ့ဖြစ်လာနိုင်ဟု ရိုင်ယိုလာ ဆို

ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်း၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားသည် နောက်တစ်ဆင့်တက်လှမ်းရန် အသင့်ဖြစ်နေပြီး လာမည့်နွေရာသီ၌ အပြောင်းအရွှေ့ ဖြစ်လာနိုင်သည်ဟု ပြောကြားခဲ့သည်။

ရိုင်ယိုလာသည် ဟော်လန်း၏ အပြောင်းအရွှေ့မှ အေးဂျင့်ခ မြိုးမြိုး မြက်မြက်ရရှိရန် ပစ်မှတ်ထားနေသူဖြစ်ပြီး ခေါ်ယူလိုသည့်အသင်းများစွာ အပြိုင်ဖြစ်နေသည့်အခြေအနေတွင် အကျိုးအမြတ် အများဆုံးရရှိနိုင်မည့်အသင်းကို ရွေးချယ်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ဟော်လန်းသည် ဒေါ့မွန်နှင့် ချုပ်ဆိုထားသော စာချုပ်တွင် ပေါင် (၆၈)သန်းဖြင့် ထွက်ခွာခွင့်ပြုရမည့် သဘောတူညီချက်ပါရှိသောကြောင့် ရိုင်ယိုလာက  ကစားသမားအတွက် မြင့်မားသည့်လစာနှုန်းထား ပေးချေမည့်အသင်း၊ ၎င်းအတွက် အေးဂျင့်ခ အများဆုံးပေးချေမည့်အသင်းကိုသာ ရွေးချယ်သွားရန် စီစဉ်ထားပြီး အေးဂျင့်ခအဖြစ် ပေါင်(၄၇)သန်းအထိ အလိုရှိနေကြောင်းလည်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ထို့ပြင် သောကြာနေ့က ပြုလုပ်ခဲ့သော Sport1 နှင့် အင်တာဗျူးတွင် ရိုင်ယိုလာက ဟော်လန်း ရောက်ရှိနိုုင်သည်မှာ ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီး (၄)သင်းသာ ရှိသည်ဟု ပြောကြားခဲ့သော်လည်း ယင်းသတင်းအတွက် Marca ကမေးမြန်းခဲ့ရာတွင်မူ ”ဒါက ဟော်လန်းရဲ့ အနာဂတ်အတွက် ဥပမာအနေနဲ့ပဲ ပြောခဲ့တာပါ။ သူ ရောက်နိုင်တာ ဥရောပထိပ်သီး (၁၅)သင်းလောက် ရှိပါတယ်။ အခု ဘယ်အသင်းနဲ့မှ မဆွေးနွေးရသေးပါဘူး။ နွေရာသီမှာ ပြောင်းရွှေ့ ဖြစ်မလားလည်း မသေချာပါဘူး။ ဒါပေမဲ့ လာမယ့်နွေရာသီမှာလည်း ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။