Laliga,  ဘောလုံးသတင်း

COVID-19 ရောဂါကူးစက်မှုကြောင့် လာလီဂါပွဲစဉ်များ ရွှေ့ဆိုင်းရနိုင်ကြောင်း တီဘက်စ် ဝန်ခံ

လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က COVID-19 ရောဂါကူးစက်မှုများကြောင့် လာလီဂါပွဲစဉ်များကို ရွှေ့ဆိုင်းရနိုင်ကြောင်း ဝန်ခံပြောကြားသည်။

လာလီဂါပွဲစဉ်များကို ယခုအချိန်အထိ ပုံမှန်အတိုင်း ကျင်းပလျက်ရှိသော်လည်း ဥရောပထိပ်သီးလိဂ်ပြိုင်ဘက် ပရီးမီးယားလိဂ်မှာမူ တစ်ပတ်အတွင်း ပွဲစဉ်ကိုးပွဲအထိ ရွှေ့ဆိုင်းထားရပြီဖြစ်သည်။ 

ထို့ကြောင့် လာလီဂါပြိုင်ပွဲ၏အခြေအနေကို သတင်းထောက်များက မေးမြန်းရာ တီဘက်စ်က “ဒီအချက်(ပွဲစဉ်များရွှေ့ဆိုင်းရနိုင်ခြင်း)ကို ကျွန်တော် မငြင်းပါဘူး။ ဒီအခြေအနေမှာ ကျွန်တော်တို့အနေနဲ့ တခြားဂြိုဟ်ကလာတဲ့သူတွေမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အဖြေရှာနေပါတယ်။ အားကစားကွင်းတွေမှာ ပရိသတ်ကြည့်ရှုခွင့်လျှော့ချတာက ကိုယ့်ဒေသရဲ့ အုပ်ချုပ်မှုအပေါ် မူတည်ပါတယ်။ အဲဒီကိစ္စတွေမှာ ကျွန်တော်တို့ ဝင်ပါလို့မရပါဘူး။ ဒါပေမဲ့ လေ့ကျင့်ရေးကွင်းတွေက လုပ်ထုံးလုပ်နည်းတွေကိုတော့ ကျွန်တော်တို့ ကိုင်တွယ်နိုင်ပါတယ်”ဟု ဖြေကြားသည်။

လာလီဂါပြိုင်ပွဲ၌ ဇယားထိပ်ဆုံးမှ ဦး ဆောင်နေသည့် ရီးယဲလ်မက်ဒရစ်အသင်းမှာ COVID-19 Positive တွေ့ရှိမှုများကြောင့် လာမည့်ပွဲစဉ်များတွင် အခက်တွေ့ဖွယ်ရှိနေကြောင်း သိရသည်။ 

လာလီဂါပြိုင်ပွဲ၏ စည်းမျဉ်းအရ ဂိုးသမားတစ်ဦးအပါအဝင် (၁၃) ဦးထက်လျော့နည်းမှသာ ရွှေ့ဆိုင်းနိုင်ကြောင်း သိရသည်။