Premier League,  ဘောလုံးသတင်း

အဲဗာတန်အသင်းနှင့် သရေကျသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်ခဲ့သည့် ဆာအူလ်ကို ချယ်လ်ဆီးအသင်းပရိသတ်များ လူမှုကွန်ရက်တွင် ပြင်းထန်စွာဝေဖန်

ချယ်လ်ဆီးအသင်းပရိသတ်များသည် အဲဗာတန်အသင်းနှင့် (၁-၁) ဂိုးဖြင့် သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်ခဲ့သည့် အသင်းကွင်းလယ်လူ ဆာအူလ်အား လူမှုကွန်ရက်များတွင် ပြင်းထန်စွာဝေဖန်ခဲ့ကြောင်း သိရှိရသည်။ 

ဒီဇင်ဘာ ၁၆ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၁-၁) အဲဗာတန်ပွဲတွင် ချယ်လ်ဆီးအသင်းသည် ပွဲချိန် မိနစ် ၇၀ တွင် မေဆန်မောင့်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၇၄ မိနစ်တွင် ဘရန့်ဝိတ်က အဲဗာတန်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။ 

ဆာအူလ်သည် အဆိုပါပွဲစဉ်တွင် ပွဲချိန် ၆၅ မိနစ်၌ မားကို့စ်အလွန်ဆိုအစား လူစားဝင်ကစားခဲ့ရသော်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသည့်အပြင် အဲဗာတန်အသင်းရရှိခဲ့သည့်ချေပဂိုးမှာ ၎င်း၏အမှားကြောင့်ဟု ချယ်လ်ဆီးအသင်း ပရိသတ်များက ယူဆနေကြသည်။ 

ချယ်လ်ဆီး အသင်းသည် အဲဗာတန်အသင်းကို သရေကျခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အပြီး အမှတ်ပေးဇယားရပ်တည်မှုတွင် ထိပ်ဆုံးမှ မန်စီးတီးအသင်း (၄၁ မှတ်) နှင့် လေးမှတ် ကွာဟသွားခဲ့သလို၊ ဒုတိယနေရာမှ လီဗာပူးလ်အသင်း (၄၀ မှတ်) နှင့်လည်း သုံးမှတ် ကွာဟသွားခဲ့သည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းပရိသတ် များသည် အဲဗာတန်အသင်းနှင့် သရေကျသည့်ပွဲအပြီးတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသည့် ဆာအူလ်ကို လူမှုကွန်ရက်များတွင် ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ 

ချယ်လ်ဆီးပရိသတ်တစ်ဦးက “ဆာအူလ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုလုံးမှာ အညံ့ဆုံးကစားသမားဖြစ်လိမ့်မယ်”ဟု ရေးသားခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း “ကျွန်တော်တို့အသင်းက ဆာအူလ်ကို အငှားနဲ့ ခေါ်ယူခဲ့တယ်။ သူ့ ကြောင့်ပဲ ချန်ပီယံဆုကို ကျွန်တော်တို့ စွန့်လွှတ်ရလိမ့်မယ်။ ပြောရတာလည်း မောနေပြီ”ဟု Twitter တွင်ရေးသားခဲ့သည်။ ထို့ပြင် ပရိသတ်တစ်ဦးကလည်း “ဆာအူလ်။ တကယ်ပါ ကွာ။ မင်း နောက်ထပ် ချယ်လ်ဆီးဂျာစီကို မဝတ်ပါနဲ့တော့”ဟု ရေးသားခဲ့သလို ချယ်လ်ဆီးပရိသတ်များက ဆာအူလ်အား အသင်း ပွဲစဉ်များတွင် ထပ်မံအသုံးမပြုရန် တောင်းဆိုသည့်စာများ ရေးသားခဲ့ကြသည်။ 

ဆာအူလ်သည် ပြီးခဲ့သည့်နွေရာသီက အက်သလက်တီကိုအသင်းမှ ချယ်လ်ဆီးအသင်းသို့ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံခြောက်ပွဲသာ ကစားခွင့်ရထားသေးသည်။ ဆာအူလ်အနေဖြင့် ယင်းခြောက်ပွဲတွင် အများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့်အတွက် ချယ်လ်ဆီးအသင်းပရိသတ်များက ၎င်းကို စိတ်ပျက်လျက်ရှိနေသည်။