Serie A,  ဘောလုံးသတင်း

ဒီလစ်အားခေါ်ယူရန် စိတ်ဝင်စားနေသည့်အသင်း (၃)သင်းရှိကြောင်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာဆို

ဂျူဗင်တပ်စ်အသင်း၏ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်အား လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန် စိတ်ဝင်စားနေသည့်ကလပ်အသင်း (၃)သင်းရှိကြောင်း ကစားသမား၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပြောကြားခဲ့သည်။

နာမည်ကျော်အေးဂျင့်တစ်ဦးဖြစ်သည့် ရိုင်အိုလာက အသက် (၂၂)နှစ်အရွယ်ရှိ နောက်ခံလူ ဒီလစ်အား ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် PSG အသင်းတို့မှာ ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့ပြီး ဒီလစ်အနေဖြင့် ကစားသမားဘဝနောက်တစ်ဆင့်သို့တက်လှမ်းရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းဆိုခဲ့သည်။

ဒီလစ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့က နယ်သာလန်အေဂျက်စ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၇၅)သန်းဖြင့်ပြောင်းရွှေ့လာသူဖြစ်ပြီး ဆယ်ကျော်သက်နောက်ခံလူများထဲတွင် ကြေးအကြီးဆုံးအပြောင်းအရွှေ့လည်းဖြစ်ခဲ့သည်။ ဒီလစ်သည် လက်ရှိတွင်ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၄ နွေရာသီအထိစာချုပ်သက်တမ်းကျန်ရှိနေသော်လည်း လာမည့်နွေရာသီတွင် စာချုပ်လျော်ကြေးယူရိုသန်း (၁၅၀)ဖြင့်ခေါ်ယူခွင့်ရှိနေရာ ဒီလစ်၏အပြောင်းအရွှေ့သတင်းများခပ်စိပ်စိပ်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရိုင်အိုလာက ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် ဒီလစ်၏ စာချုပ်လျော်ကြေးငွေအားပေးချေနိုင်သော်လည်း ကစားသမားအားခေါ်ယူနိုင်ရန်အတွက် ဘာစီလိုနာ၊  ရီးယဲလ်မက်ဒရစ်နှင့် PSG တို့သာဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

ဒီလစ်သည် ဂျူဗင်တပ်စ်အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၄)ပွဲကစားကာ (၆)ဂိုးသွင်းယူပေးထားပြီး အသင်းနှင့်အတူ စီးရီးအေချန်ပီယံဆု (၁)ကြိမ်၊ ကိုပါအီတာလီယာဖလား (၁)ကြိမ်နှင့် အီတလီစူပါဖလား (၁)ကြိမ်တို့ကိုရရှိထားသည်။