Serie A,  ဘောလုံးသတင်း

ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့သူများကို အမှတ်ရသည့်အနေဖြင့် ဆန်စီရိုကွင်းတွင် သစ်ပင် (၃၅၀၀၀) စိုက်ပျိုးရန် ရည်ရွယ်ထား

ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့သူများကို အမှတ်ရသည့်အနေဖြင့် အင်တာမီလန်နှင့် အေစီမီလန်အသင်းပူးတွဲ အသုံးပြုနေသော နာမည်ကျော်ဆန်စီရိုကွင်းတွင် သစ်ပင် (၃၅၀၀၀)စိုက်ပျိုးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

မီလန်မြို့ခံနှစ်သင်းသည် ဆန်စီရိုကွင်းကို စွန့်ခွာ၍ ကွင်းသစ်စီမံကိန်း အကောင်အထည်ဖော်ရန် ပြီးခဲ့သည့်နှစ်များအတွင်းမှစတင်၍ ကြိုးပမ်းလာခဲ့သည်။

ယခုနှစ်အတွင်း မီလန်မြို့ခံနှစ်သင်း၏ ကွင်းသစ်စီမံကိန်းအကောင်အထည်ဖော်ရန် ခွင့်ပြုချက်ရလာပြီး ၂၀၂၇ ခုနှစ် မတိုင်မီ ပရိသတ် (၆၅၀၀၀)ဆံ့ကွင်းသစ်တည်ဆောက်သွားရန် မျှော်လင့်ထားကြသည်။

လက်ရှိအချိန်တွင် ဆန်စီရိုကွင်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိနေပြီး ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းလိုသူများ၊ အာဏာပိုင်များနှင့် စီးပွားရေးသမားများအကြား အငြင်းပွားနေကြသည်။

ဆန်စီရိုကွင်းကို ဖြိုချ၍ အခြားအဆောက်အဦတစ်ခုခုတည်ဆောက်ခြင်း(သို့မဟုတ်) အသစ်ပြန်လည်မွမ်းမံခြင်းပြုလုပ်ရန် တောင်းဆိုသူများရှိနေသလို၊ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းသူများက ဆန်စီရိုကွင်းကို အကြီးစားပြင်ဆင်မှုမပြုလုပ်ရန် တားမြစ်ထားသည်။

ယခုအခါ အီတလီနာမည်ကျော်ဗိသုကာပညာရှင်များဦးဆောင်၍ ဆန်စီရိုကွင်းတွင် ဆိုက်ပရက်စ်ပင်များ အပါအဝင် သစ်ပင် (၃၅၀၀၀)စိုက်ပျိုး၍ ထိန်းသိမ်းသွားရန်စီစဉ်နေပြီး ယင်းအစီအစဉ်ကို ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့သူများအတွက် ရည်ရွယ်ကြောင်း ကြေညာထားသည်။

အဆိုပါအစီအစဉ်ကို ဦးဆောင်သူထဲမှ တစ်ဦးဖြစ်သည့်  ဗိသုကာပညာရှင် ရန်နာက ”အဓိကရည်ရွယ်ချက်က ဂန္ထဝင်ဆန်စီရိုကို ကယ်တင်ချင်တာပါပဲ။ မီလန်မြို့ဟာ  ကိုဗစ်ဒဏ်အခံစားရဆုံးမြို့တစ်မြို့ဖြစ်သလို၊ ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့သူတွေကိုလည်း ရည်ရွယ်ပြီး သစ်ပင်တွေစိုက်ပျိုးဖို့စီစဉ်ခဲ့တာပါ။ သစ်ပင်တွေကြားထဲမှာ ကွယ်လွန်သူတွေနဲ့ သူတို့ရဲ့ ချစ်ခင်သူတွေအတွက် ဆုံတွေ့နိုင်မယ့်နေရာလေးဖန်တီးပေးချင်တာပါ” ဟု ပြောခဲ့သည်။

ဆန်စီရိုကွင်းကို မူလက Stadio Guiseppe Meazza ဟု ခေါ်ခဲ့ကြောင်း သိရသည်။