Premier League,  ဘောလုံးသတင်း

■ မန်စီးတီးနောက်ခံလူ ကန်ဆယ်လို ဖောက်ထွင်းသမား(၄)ဦး၏ တိုက်ခိုက်မှုကြောင့် မျက်နှာတွင် ဒဏ်ရာရရှိ

မန်စီးတီးအသင်းနောက်ခံလူ ကန်ဆယ် လိုသည် နေအိမ်တွင် ဖောက်ထွင်းသမား (၄)ဦး၏ တိုက်ခိုက်မှုကြောင့် မျက်နှာတွင် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

    

ပေါ်တူဂီလက်ရွေးစင်ကစားသမား ကန်ဆယ်လိုအနေဖြင့် အဆိုပါလုယက်တိုက်ခိုက်မှုကြောင့် မျက်လုံးအပေါ်ဘက်တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လက်ဝတ်ရတနာများလည်း လုယက်ခံခဲ့ရကြောင်း သိရသည်။ 

မန်စီးတီး အသင်းသည် ဗုဒ္ဓဟူးနေ့က လန်ဒန်ကလပ် ဘရန့်ဖို့ဒ်အသင်းနှင့် အဝေးကွင်းကစားခဲ့ရပြီး စနေနေ့ (ယနေ့) တွင်လည်း အာဆင်နယ်အသင်းနှင့် လန်ဒန်မြို့၌ အဝေးကွင်း ထပ်မံကစားရမည်ဖြစ်သည်။ 

သို့သော် မန်စီးတီးအသင်းအနေဖြင့် ဘရန့်ဖို့ဒ်နှင့်ပွဲအပြီးတွင် လန်ဒန်မြို့၌ ဆက်မနေဘဲ မန်ချက်စတာသို့ ပြန်လာစဉ် ကန်ဆယ်လိုမှာ ယင်းဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

    

“ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာ လူလေးယောက်က ကျွန်တော့်ကိုတိုက်ခိုက်ပြီး ကျွန်တော့်မိသားစုကိုလည်း ထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ တုံ့ပြန်မယ့်ပုံစံ ပြလိုက်တဲ့အချိန်မှာ အခုလိုဖြစ်တာပါပဲ။ သူတို့က ကျွန်တော့်လက်ဝတ်ရတနာတွေအားလုံးကို ယူသွားပြီး ကျွန်တော့်မျက်နှာကိုလည်း အခုလို ပုံစံဖြစ်အောင် လုပ်ထားခဲ့ကြတယ်။ အဲဒီလူတွေရဲ့ပုံစံက ဘယ်လိုလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော့်အတွက် အရေးကြီးဆုံးက မိသားစုပါပဲ။ သူတို့အားလုံး အဆင်ပြေတာကတော့ ကံကောင်းပါတယ်”ဟု ကန် ဆယ်လိုက Instagram မှတစ်ဆင့် ပြောကြားသည်။