Serie A,  ဘောလုံးသတင်း

ရာသီကုန်အထိ အနားယူရမည့် ခီယေဆာ၏နေရာ အစားထိုးရန် ကစားသမားအသစ်များ ဂျူဗင်တပ်စ်အသင်း ရှာဖွေ

ဂျူဗင်တပ်စ်အသင်းသည် လက်ရှိရာသီကုန်ဆုံးချိန်အထိ အနားယူရမည့် တောင်ပံကစားသမား ခီယေဆာ၏နေရာ အစားထိုးရန်အတွက် ကစားသမားအသစ်များ ရှာဖွေနေကြောင်း သိရသည်။

ခီယေဆာသည် ဂျူဗင်တပ်စ်အသင်းက ရိုးမားအသင်းကို အနိုင်ရသည့်အဝေးကွင်းပွဲစဉ်တွင် ဘယ်ဘက်ဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာ ရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရမည်ဖြစ်သည်။

ခီယေဆာ၏ ဒဏ်ရာသတင်းကြောင့် ဂျူဗင်တပ်စ်အသင်းသည် အနာဂတ်မရေမရာဖြစ်နေသည့် တောင်ပံကစားသမား ကူလူဆက်ဗ်စကီးကို ဆက်လက်ထိန်းသိမ်းသွားရန် ရည်ရွယ်ထားသလို၊ ကစားသမားသစ်များ ရှာဖွေသွားရန် စီစဉ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ တိုက်စစ်မှူးအသစ်တစ်ဦး (သို့ မဟုတ်) တောင်ပံကစားသမားတစ်ဦး ခေါ်ယူသွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိပြီးနောက် ပရိသတ်မြင်ကွင်းထဲမှ ပျောက်ဆုံးနေသည့် ခီယေဆာသည် Instagram မှ တစ်ဆင့် ”ကျွန်တော့်ကို အားပေးတဲ့ မက်ဆေ့ချ်တွေ ပေးပို့လို့ ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင်မှာ ဘောလုံးကွင်းထဲ ပြန်ဆုံတွေ့ကြမယ်” ဟု အဓိပ္ပာယ်ရသောစာသားဖြင့် ပရိသတ်ကို နှုတ်ဆက်ခဲ့သည်။

ခီယေဆာသည် လက်ရှိရာသီတွင် ဂျူဗင်တပ်စ်အတွက် (၄)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။