Laliga,  ဘောလုံးသတင်း

ဆီမြွန်နီသည် ဂရိတ်နည်းပြတစ်ဦးဖြစ်သော်လည်း ဘောလုံးအပေါ် အခြေခံအမြင်မှာ မိမိနှင့် တူညီမှုမရှိဟု ဘာစီလိုနာနည်းပြ ဇာဗီသုံးသပ်

ဘာစီလိုနာအသင်း၏ နည်းပြဖြစ်သူ ဇာဗီက အက်သလက်တီကိုမက်ဒရစ်အသင်းကို (၄-၂) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီသည် ဂရိတ်နည်းပြတစ်ဦးဖြစ်သော်လည်း ဘောလုံးအပေါ် အခြေခံအမြင်မှာ မိမိနှင့် တူညီမှုမရှိကြောင်း ပြောကြားခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီသည် ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းတို့ ကစားခဲ့သည့် ပွဲမတိုင်မီတွင် ဇာဗီအား စတင်ထိုးနှက်ခဲ့ပြီး ပွဲအပြီးတွင် ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။

ဆီမြွန်နီက ”ဇာဗီက တစ်ချိန်က ပြောခဲ့ဖူးပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကစားဟန်က အသင်းကြီးတစ်သင်းရဲ့ ကစားဟန်မဟုတ်ဘူးတဲ့။ အခုတော့ သူနည်းပြဖြစ်လာပါပြီ။ သူ ဘယ်လို ကစားဟန်မျိုးကို သွားချင်သလဲဆိုတာ သူ သက်သေပြလို့ရပါပြီ”ဟု ဆိုခဲ့ပြီး ဘာစီလိုနာအသင်းနည်းပြဘဝတွင် ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရခြင်းအပေါ် လှောင်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။

ပွဲအပြီးတွင် ဇာဗီက ”သူနဲ့ ကျွန်တော်က ဘောလုံးအပေါ် အခြေခံအမြင်ကအစ မတူညီပါဘူး။ ဒါကြောင့် ကျွန်တော်တို့နှစ်ဦးရဲ့ ဘောလုုံးဒဿနကလည်းမတူပါဘူး။ ဒါပေမဲ့ သူဟာ  ဂရိတ်နည်းပြတစ်ဦးပါ”ဟု ပြောကြားခဲ့သည်။