Laliga,  ဘောလုံးသတင်း

ရီးရဲလ်မက်ဒရစ်ဂျာစီနဲ့ဘယ်အချိန်အထိ ဆက်ကစားမလဲဆိုတာ အဖြေပေးလိုက်ပြီဖြစ်တဲ့ မိုဒရစ်

လူကာ မိုဒရစ်ဟာ တစ်ခါတုန်းက ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အလွန်အားနည်းလွန်းတယ်လို့ ယူဆခြင်းခံခဲ့ရပေမယ့် ကစားသမားတစ်ယောက်အတွက် ထူးခြားတဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် မျှော်မှန်းချက်တွေအားလုံးကို လွင့်စင်သွားစေခဲ့သူဖြစ်ပါတယ်။

ယခုလာမယ့်နွေရာသီမှာ လူကာ မိုဒရစ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့တာ ၁၀ နှစ်ပြည့်တော့မှာဖြစ်ပြီး ဒီဆယ်စုနှစ်အတွင်း ခရိုအေးရှားကြယ်ပွင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားလက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အလွန်နည်းပါးတဲ့ ကစားသမားအနည်းငယ်သာ ရရှိထားတဲ့ ဆုဖလားများစွာကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ်၊ ယူအီးအက်ဖ်အေဖလား ၃ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်နဲ့ စပိန်စူပါဖလား ၄ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ လူကာ မိုဒရစ်က ခရိုးအေးရှားလက်ရွေးစင်အသင်းကို ၎င်းတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ပြင်သစ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီနှစ်တစ်နှစ်တည်းမှာပဲ မိုဒရစ်က လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ လွှမ်းမိုးထားတဲ့ ဘလွန်ဒေါစင်မြင့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ၂၀၀၇ ခုနှစ်နောက်ပိုင်း ဂုဏ်သိက္ခာကြီးမားတဲ့တစ်ဦးချင်းဆုကို ဂန္တဝင်ကစားသမား ၂ ဦးကို ကျော်ဖြတ်ရရှိခဲ့တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး အသင်းမှာ ရှိနေခဲ့တဲ့ကာလတွေကို လည်ပြန်ကြည့်စရာအများကြီးရှိပေမယ့်လည်း ရှေ့ဆက်ပြီး အသင်းနဲ့ နောက်ဆုံးရှိနေတဲ့အချိန်အထိ အောင်မြင်မှုတွေကို ပိုမိုရရှိချင်နေတာဖြစ်ပါတယ်။

“ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ ရှိနေတာ ၁၀ နှစ် ပြည့်တော့မှာဆိုတော့ ဘာပြောနိုင်မှာလဲ။ အံ့အားသင့်စရာ ၁၀ နှစ်၊ အိပ်မက်တစ်ခု၊ ကျွန်တော် အများကြီး အောင်မြင်မှုရရှိခဲ့တယ်။ ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော် မက်ဒရစ်မှာ ကြီးမားတဲ့အရာတွေကို ဆက်ပြီး ရရှိချင်နေတုန်းပါပဲ”

“ကျွန်တော် လုပ်ခဲ့တာတွေကို ဘယ်တုန်းကမှ စိတ်ကျေနပ်ခဲ့တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော် အမြဲတမ်း ပိုပြီးတော့ လိုျင်နေပြီး အနာဂတ်မှာ အသင်းမှာ ကျွန်တော် ရှိနေသရွေ့ နောက်ထပ်တစ်ကြိမ် ကြီးမားတဲ့အရာတွေ ရရှိနိုင်ဖို့ မျှော်လင့်မိပါတယ်”

မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းက ပရီးမီးယားလိဂ်နဲ့ စီးရီးအေက ကလပ်အသင်းတွေများစွာနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး သမိုင်းတလျှောက် အကောင်းဆုံး ခရိုအေးရှားကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲလ်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီမှာ အန်ဆယ်လော့တီရဲ့အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ်နဲ့ ၂၆ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။

မိုဒရစ်က ၎င်းအနေနဲ့ အမြင့်မားဆုံးအဆင့်အတန်းမှာ ဘာကြောင့် ဆက်လက် ကစားနိုင်နေတာလဲဆိုတာနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ “အဲဒါက အားလုံးက ပင်ကိုအတိုင်းပါပဲ။ ကျွန်တော်လုပ်နေတာတွေကို ကျွန်တော် နှစ်သက်ပျော်ရွှင်တယ်။ ကျွန်တော် ဘောလုံးကို ချစ်မြတ်နိုးတယ်။ ကျွန်တော့်ဘာသာ နေ့စဉ် လုပ်ငန်းဆောင်တစ်ခု တစ်ခုချင်းစီအပေါ်မှာ ဂရုစိုက်ပြီး အလုပ်လုပ်နေတယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော် ဘောလုံးအတွက် ရှင်သန်နေတာဖြစ်ပြီး အဲဒီအကြောင်းအရင်းတွေက ကျွန်တော့်ကို ကောင်းမွန်နေတယ်လို့ ခံစားစေတယ်လို့ ထင်ပါတယ်”

“ကျွန်တော် ဘယ်လောက်ကြာကြာ ဆက်ကစားမှာလဲဆိုရင် ကျွန်တော် မသိပါဘူး။ အဲဒါက ပြောဖို့ခက်တယ်။ ကျွန်တော် တစ်ပတ်ချင်းစီ၊ တစ်လချင်းစီ၊ တစ်နှစ်ချင်းစီပဲ လုပ်နေပါတယ်။ ကျွန်တော် ဘယ်လို ခံစားလာရမလဲဆိုတာကို ကြည့်ကြတာပေါ့။ အချိန်က ဘယ်လောက်အထိ ကြာနိုင်မလဲဆိုတာကို ပြောပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ဘာသာတော့ ဘယ်လိုကန့်သတ်မှုမျိုးမှ လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော် လက်ရှိအချိန်ကို ပျော်ရွှင်ခံစားနေပြီး နောက်ထပ်နှစ်အနည်းငယ်လောက် ဆက်ပြီး ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။