Laliga,  Ligue,  ဘောလုံးသတင်း

PSG နှင့် ရီးယဲလ်တို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် နေမာနှင့် ဘန်ဇီမာတို့ ပြန်လည်ကစားနိုင်ဖွယ်ရှိနေ

ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် PSG နှင့် ရီးယဲလ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့် နေမာနှင့် ဘန်ဇီမာတို့ ပြန်လည်ကစားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ရီးယဲလ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ဘီလ်ဘာအို၊ ဂရန်နာဒါ၊ ဗီလာရီးယဲလ်အသင်းတို့နှင့် ကစားခဲ့သည့်ပွဲစဉ်များကို လွဲချော်ခဲ့သည်။

၎င်းအနေဖြင့် ရာနှုန်းပြည့်ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးသော်လည်း တနင်္ဂနွေနေ့နံနက်ပိုင်းက အသင်းဖော်များနှင့်အတူ လေ့ကျင့်နိုင်ပြီဖြစ်သောကြောင့် PSG နှင့်ပွဲအတွက် ပါရီသို့လိုက်ပါခွင့်ရခဲ့ကြောင်း သိရသည်။

စပိန်အခြေစိုက် Mundo Deportivo သတင်းစာ၏ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် တနင်္လာနေ့တွင် ပါရီသို့ထွက်ခွာခဲ့ပြီး ယင်းနေ့ ည (၇) နာရီအချိန်တွင် Parc des Princes  ကွင်း၌ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။

ရီးယဲလ်အသင်းသည် PSG နှင့်ကစားရမည့် အဝေးကွင်းပွဲအတွက် ကစားသမား (၂၆) ဦး ခေါ်ဆောင်သွားပြီး ဘန်ဇီမာ၊ ဗင်နီစီယပ်စ်၊ အဆန်စီယို၊ ဟာဇက်၊ ဘေးလ်၊ တိုနီကရို့စ်၊ မိုဒရစ်၊ ကက်ဆီမီရို၊ အလာဘာ၊ ကော်တိုအာ စသည့် ကစားသမားများ ပါဝင်သွားကြောင်း သိရသည်။

ခြေချင်းဝတ်ဒဏ်ရာကြောင့် (၁၀)ပတ်ကြာ အနားယူခဲ့ရသည့် PSG တိုက်စစ်မှူး နေမာမှာလည်း တနင်္ဂနွေနေ့က အသင်းဖော်များနှင့်အတူ အပြည်အဝပြန်လည်လေ့ကျင့်နိုင်ခဲ့သည်။

PSG နည်းပြ ပိုချက်တီနိုက ”လူစာရင်းထဲမှာ သူပါလာနိုင်ပါတယ်။ အဲဒီလိုဖြစ်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမားဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။