Laliga,  ဘောလုံးသတင်း

အူဘာမီယန်းက ဘာစီလိုနာအတွက် ဘုရားပေးတဲ့ဆုပဲလို့ ပြောခဲ့တဲ့ ဆာဂီယို ဘူးစ်ကတ်စ်

ဆာဂီယို ဘူးစ်ကတ်စ်က ဘာစီလိုနာအသင်းအနေနဲ့ အာဆင်နယ်အသင်းကနေ အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာက ဘုရားပေးတဲ့ဆုပဲလို့ ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ ယခုလအစမှာ အာဆင်နယ်အသင်းကို စွန့်ခွာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လအထိ ကျန်ရှိနေသေးပေမယ့်လည်း ၂ ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြတာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခြင်းခံခဲ့ရစေမယ့် နောက်ထပ် စည်းကမ်းဖောက်ဖျက်မှုကို ကျူးလွန်ခဲ့ပြီးနောက် ဆက်ဆံရေး ဆိုးရွားခဲ့တာဖြစ်ပါတယ်။

စည်းကမ်းဖောက်ဖျက်ခဲ့မှုအပြီးမှာ အူဘာမီယန်းဟာ အာဆင်နယ်အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံ ကစားပေးရခြင်းမရှိတော့ဘဲ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ပြီး အမ်းမရိတ်စ်က အိပ်မက်ဆိုးကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ညနေက အသင်းသစ်ဖြစ်တဲ့ ဘာစီလိုနာအသင်းအတွက် ဗလင်စီယာကို ၄-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ၂၃ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် ၁၅ မိနစ်ခန့်အကြာမှာ ဒုတိယမြောက်သွင်းဂိုးကို ထပ်မံသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ နူးကမ့်ကို ပြောင်းရွှေ့လာခဲ့တဲ့အချိန်မှာ သံသယအချို့ ဝင်ခဲ့ကြပေမယ့်လည်း အူဘာမီယန်းဟာ ပွဲအပြီးမှာ ၎င်းရဲ့ ပထမဆုံး ဘာစီလိုနာကစားသမားဘဝ ဟက်ထရစ်ကို ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာရဲ့ စတုတ္ထမြောက်ဂိုးဟာ ဂါဘွန်တိုက်စစ်မှူးရဲ့ ကျောနဲ့ ထိခဲ့တာကြောင့် ဂိုးသွင်းရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘူးစ်ကတ်စ်က အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုအပေါ် ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး အူဘာမီယန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာကို ဝမ်းမြောက်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “သူက တကယ်ကို ကောင်းကောင်း အလုပ်လုပ်နေပါတယ်။ သူ ဒီကို ပွဲကစားချိန်လိုအပ်ချက်တွေနဲ့ ရောက်လာခဲ့တာဖြစ်ပြီး အခု သူ အဲဒီပွဲကစားချိန်တွေ ရနေပါပြီ။ ကျွန်တော်တို့ကို သူ ဒီလိုပဲ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး လူစာရင်းထဲမှာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တာက ဘုရားပေးတဲ့ဆုတစ်ခုဖြစ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး အူဘာမီယန်းက ဗလင်စီယာရဲ့ အိမ်ကွင်းနဲ့ပတ်သက်ပြီး နှစ်လိုဖွယ် အမှတ်တရတွေ ရှိခဲ့သူဖြစ်ပြီး ဒီနေရာကို အလည်လာရတိုင်း အမြဲတမ်း သက်တောင့်သက်သာ ခံစားခဲ့ရတယ်လို့ ဟာသဖောက်ခဲ့ပါတယ်။ “နောက်ဆုံးအကြိမ် ကျွန်တော် ဒီမှာ ကစားတုန်းက အာဆင်နယ်နဲ့အတူ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီတော့ ခင်ဗျားအနေနဲ့ မက်စ်တယ်လာက ကျွန်တော့်အိမ်လိုပဲလို့ ပြောရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။