Bundesliga,  ဘောလုံးသတင်း

လာမယ့် ဧပြီလမှာ အနာဂတ်အတွက် ဆုံးဖြတ်တော့မယ့် ဟာလန်း

အာလင်း ဟာလန်းဟာ လာမယ့် ဧပြီလမှာ ၎င်းရဲ့ အနာဂတ်ဟာ ဘယ်မှာ ရှိနေမလဲဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ဒေါ့မွန်အသင်းရဲ့ ပြောကြားချက်အရ သိရပြီး နော်ဝေကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ထိပ်သီးအသင်းတွေအတွက် အချက်ပေးသံဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

နော်ဝေကြယ်ပွင့်ရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက ဖြစ်ပျက်ခဲ့တဲ့အတိုင်း အကြီးမားဆုံးအပြောင်းအရွှေ့ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်လာမှာဖြစ်ပြီး မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်ဂ်ဂျီနဲ့ အခြားထိပ်တန်းအသင်းတွေဟာ ဟာလန်းကို ခေါ်ယူဖို့အတွက် အပြင်းအထန် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဟာလန်းဟာ ၎င်းရဲ့ အံ့အားသင့်ဖွယ်ကစားသမားဘဝ စတင်မှုကို ယခုရာသီ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲသာ ကစားရသေးချိန်မှာ ၁၆ ဂိုးအထိ သွင်းယူပြီး ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို လျှို့ဝှက်နေခြင်းမရှိဘဲ အသင်းအလုပ်အမှုဆောင်ချုပ် ဟန်စ်-ယိုအာဟင်း ဗာ့စ်ကဲက “အဲဒီကိစ္စက လာမယ့်ရက်သတ္တပတ်အနည်းငယ်၊ တစ်လလည်းဖြစ်ကောင်းဖြစ်နိုင်သလို ၆ ပတ်လည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့အချိန်အတွင်း ဖြေရှင်းသွားမှာ ကျိန်းသေပေါက် ဖြစ်ပါလိမ့်မယ်။ သူသာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အမြဲတမ်းလုပ်ခဲ့တဲ့နည်းလမ်းအတိုင်း ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ ကျွန်တော်တို့မှာ အရင်တုန်းက ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ပျဲ-အီးမရစ် အူဘာမီယန်းတို့လိုမျိုး ဂိုးသွင်းရှင်တွေကို ဆုံးရှုံးခဲ့ပြီး နောက်ထပ်တစ်ကြိမ် ဂိုးသွင်းရှင်တစ်စုံတယောက်ကို ရှာဖွေသွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ စာချုပ်မှာ ပါဝင်တဲ့ စာချုပ်လျော်ကြေးက ၎င်းကို ယခုလာမယ့် နွေရာသီမှာ ပေါင် ၆၈ သန်းနဲ့ ထွက်ခွာခွင့် ရရှိစေမှာဖြစ်ပေမယ့် ဒေါ့မွန်က နော်ဝေတိုက်စစ်မှူးကို နောက်ထပ်တစ်ရာသီ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လုပ်နိုင်သမျှ အရာအားလုံး ကြိုးပမ်းနေတာဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ ယခုနွေရာသီမှာ ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ အာရုံစိုက်သွားမှာဖြစ်တာကြောင့် ဟာလန်းကို ဒေါ့မွန်မှာ နောက်ထပ်တစ်နှစ်လောက် ဒေါ့မွန်မှာ ဆက်နေဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာကြောင့် ဒေါ့မွန်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ မဟာမိတ် ဖြစ်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

ဟာလန်းဟာ စပိန်ကို အပြောင်းရွှေ့ချင်ဆုံးဖြစ်နေတယ်လို့ သိရတာကြောင့် ရီးရဲလ်အနေနဲ့ ခေါ်မယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရှိနေပေမယ့်လည်း ယခုနွေရာသီမှာသာ ဟာလန်းအနေနဲ့ ဒေ့ါမွန်ကို စွန့်ခွာခဲ့မယ်ဆိုရင်တော့ ၎င်းရဲ့ဖခင် ၃ နှစ်ကြာကစားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းက ပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်းဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။