Ligue,  ဘောလုံးသတင်း

အမ်ဘာပေမပါနိုင်ရင် မနိုင်တဲ့ထုံးစံကို မချိုးဖျက်နိုင်ခဲ့တဲ့ နေမာနဲ့ မက်ဆီတို့ရဲ့ ပီအက်စ်ဂျီ

စနေနေ့ညနေက Allianz Riviera မှာ နိစ်က ၁-၀ နဲ့ လိဂန်းအမှတ်ပေးဇယားဦးဆောင်သူ ပီအက်စ်ဂျီအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီး လူစားဝင်ကစားသမား အန်ဒီ ဒီလော့တ်က အသည်းခွဲဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းမှ နေမာဟာ နိစ်အသင်း ကွင်းဘက်ခြမ်းမှာ ဘောလုံးပိုင်ဆိုင်မှု ပျောက်ဆုံးနေခဲ့ပြီး အိမ်ရှင်နိစ်ကတော့ ပွဲချိန် ၈၈ မိနစ်မှာ ကယ်လ်ဗင် စတန်းစ်ရဲ့ ပေးပို့မှုကနေတဆင့် ဒီလော့တ်က ဂိုးအပေါ်ထောင့်ကို မြှားတစ်စင်းလို ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ ပွဲသိမ်းခရာမှုတ်တဲ့အထိ ချေပဂိုးပြန်လည်းမသွင်းယူနိုင်ခဲ့ပဲ ၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ကာ ဒီရလဒ်ကြောင့် ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၃ မှတ်ပြတ်နဲ့သာ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး ၂၇ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆၂ မှတ် ရရှိထားတာဖြစ်ပါတယ်။

နိစ်အသင်းကတော့ စုစုပေါင်း ရမှတ် ၄၉ မှတ်နဲ့ ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပြီး ဒီလော့တ်အတွက် နိုင်ပွဲရဖို့ ပွဲပြီးခါနီး ၃ မိနစ်ဟာ မှော်ဆန်တဲ့ အခိုက်အတန့်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ နိစ်တို့ဟာ ယခုရာသီမှာ ၂ ကြိမ်ဆက်တိုက် ဂိုးမရှိသရေကျခဲ့ကြပြီး ဒီလော့တ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် စနေနေ့ညပွဲစဉ်ဟာ ၃ ပွဲဆက်တိုက် ဂိုးမရှိသရေပွဲစဉ် ဖြစ်မလာခဲ့တော့ပဲ နိစ်အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ပွဲလုံး ခြုံကြည့်မယ်ဆိုရင် ၂ သင်းစလုံးရဲ့ တိုက်စစ်အရည်အသွေးဟာ စိတ်ပျက်စရာဖြစ်ခဲ့ကြပြီး ပီအက်စ်ဂျီအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ခီလီယန် အမ်ဘာပေဟာ ပွဲပယ်ခံထားရတာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ နိစ်အသင်းဟာ တိုက်စစ်မှာ ဂရုတစိုက်ရှိကြောင်း ပြသခဲ့ပေမယ့်လည်း ဒုတိယအစောပိုင်းမှာ နောက်ခံကစားသမား ဒန်တီက ကလွိုက်ဗက်ရဲ့ ထောင့်ကန်ဘောကနေ အပိုင်ခေါင်းတိုက်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် နားဗက်စ်ဆီ တည့်တည့်မတ်မတ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

အိန်ဂျယ် ဒီမာရီယာဟာ ဧည့်သည်အသင်းအတွက် ခက်ခဲတဲ့ အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပြီး ဖြုန်းတီးခဲ့သလို လီယွန်နယ် မက်ဆီနဲ့ နေမာတို့ဟာ ၎င်းတို့ရဲ့ ခြေစွမ်းအဆင့်အတန်းအောက်မှာ ရောက်နေခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းအနေနဲ့ ယခုပွဲမှာ နိစ်အသင်းကို ရှုံးခဲ့ရပြီး ယခုရာသီမှာ နိစ်အသင်းနဲ့ ၃ ပွဲ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ၂ ပွဲ သရေ၊ ၁ ပွဲရှုံး ရလဒ်သာရရှိခဲ့တဲ့အတွက် တရာသီလုံးအသာမရတဲ့ မှတ်တမ်းဆိုးကို ရေးထိုးလိုက်ရပါတော့တယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ကို အာရုံထားထားတာကြောင့်လည်း နိစ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ခဲ့တာ ဖြစ်နိုင်ပြီး ပြင်သစ်ထိပ်သီးအသင်းကြီးက ပထမအကျော့မှာ ၁-၀ နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။