Laliga,  ဘောလုံးသတင်း

အမ်ဘာပေရောက်ရင် ရီးရဲလ်တို့ ရုံခါပြီး နေရာရှင်းသွားမယ့် ကစားသမား ၅ ဦး

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို သူ့အမေက ပိုက်ဆံဘယ်လောက်တောင်းတောင်း ဖြစ်တဲ့နည်းနဲ့ ခေါ်ယူမယ်ဆိုတာက လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ကြီးဖြစ်နေခဲ့ချိန်မှာ လိုအပ်သမျှ ဘဏ္ဏာရေးထောက်ပံ့မှုကို ရက်ရက်ရောရောပေးနိုင်ဖို့အတွက် အသင်းက နာမည်ကြီးနဲ့ လစာကြီးကစားသမားတွေကို ရာသီကုန်မှာ ရှင်းထုတ်သွားဖို့ ရှိနေပါတယ်။

၅။ မာဆယ်လို
ဘရာဇီးလ်နောက်ခံလူဟာ ရီးရဲလ်မက်ဒရစ်အသင်းကို သူ့ရဲ့ ဆယ်ကျော်သက်နေ့ရက်တွေကတည်းက ရောက်လာခဲ့သူဖြစ်ပြီး ရော်ဘတ်တို ကားလို့စ်ကို ဘာနေဗျူးပရိသတ်တွေ မလွမ်းအောင် ခြေစွမ်းပြရင်း အသည်းကွဲ ဝေဒနာတွေကို ကုစားပေးနိုင်ခဲ့သူလည်းဖြစ်သလို အသက် ၃၀-၃၁ အရွယ်လောက်မှာ တဖြည်းဖြည်း ကစားခွင့် လျော့ကျလာခဲ့ပြီး ဒီရာသီမှာ ပွဲထွက် ၃ ပွဲနဲ့ လူစားဝင် ၆ ပွဲသာ ကစားထားရတာလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ရှိသွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ်သားကြီးကို စာချုပ်သက်တမ်းတိုးဖို့ အသင်းဘက်က ဆန္ဒမရှိတော့သလို သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာငွေကို လျှော့ချချင်နေပြီး ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမယ့် လက်တွဲမှုအပြီးမှာ သူ့အနေနဲ့ အသက် ၁၈ နှစ်အရွယ်ကတည်းက ခွဲခွာလာခဲ့တဲ့ လူငယ်ဘဝအသင်းဟောင်း ဖလူမီနန်စီကို ပြန်မလား ဥရောပမှာပဲ ဆက်လက်ကျင်လည်ဦးမလားတော့ စောင့်ကြည့်ရမှာပါ။

၄။ အစ္စကို
ဖရန်စစ္စကို ရိုမန် အယ်လ်ကော်ကွန် ဆွာရက်ဇ်ဆိုတဲ့ အသက် ၂၀ အရွယ်လူငယ်တစ်ယောက်ဟာ မာလာဂါအသင်းမှာ ဥရောပအကောင်းဆုံး လူငယ်ဆု Golden Boy Award ကို ရရှိခဲ့အပြီးမှာ ရီးရဲလ်ကို ယူရိုသန်း ၃၀ နဲ့ ရောက်ရှိလာခဲ့ပေမယ့် နိုင်ငံခြားကြယ်ပွင့်ဦးစားပေး ဂလက်တီကို အစီအစဉ်မှာတော့ တော်သလောက် မကျော်ခဲ့ရတာလည်းဖြစ်ပါတယ်။

အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၅၀ ကစားအပြီးမှာ ၅၃ ဂိုး သွင်းယူထားတဲ့ အသက် ၂၉ နှစ်အရွယ် စပိန်သားအတွက် ပြီးခဲ့တဲ့ ရာသီတွေကတည်းက ကမ်းလှမ်းမှုတွေကို ရှာဖွေနေခဲ့ပေမယ့် ကိုဗစ်ကြောင့် ကျပ်တည်းသွားတဲ့ အခြေအနေမှာ ဘယ်သူကမှ မခေါ်နိုင်ခဲ့သလို ရာသီကုန်မှာ သက်တမ်းကုန်မယ့် သူ့ရဲ့ စာချုပ်ကိုတော့ ရီးရဲလ်တို့ဘက်က တိုးမြှင့်တော့မှာ မဟုတ်ဘူးလို့ပဲ အကြမ်းဖျင်း သိထားရတာပါ။

၃။ ဂါရက်သ် ဘေးလ်
ပြီးခဲ့တဲ့ ရာသီက စပါးစ်ကို အငှားချခံခဲ့ရပြီး လစာငွေကို တစ်ဝက် ချွေတာခံခဲ့ရတဲ့ ဘေးလ်ရဲ့ ကျောနံပါတ်က လက်ရှိမှာ ၁၈ ဖြစ်သွားခဲ့ပြီဆိုရင် ဒီအသင်းက သူ့ကို ဘယ်လိုသဘောထားသလဲ သိသာကြမှာပါ။ ဒဏ်ရာတွေနဲ့ နပမ်းလုံးခဲ့ရတဲ့ ဝေးလ်စ်ကပ္ပတိန်ဟာ ၅ ပွဲမှာ ၁ ဂိုးသာ ရယူပေးထားနိုင်ပြီး နည်းပြတွေရဲ့ စိတ်ထဲမှာလည်း သူ့ကို မရှိတော့သလို နည်းပြ ကာလို အန်ချယ်လော့တီကလည်း အလိုမရှိတော့တာဖြစ်ပါတယ်။

သူ့လိုပဲ ဒဏ်ရာများတဲ့ မားကို့စ် အဆန်စီယိုကို ဦးစားပေးသုံးစွဲနေခဲ့အပြီးမှာ လစာတစ်ပတ်ကို ပေါင်ငါးသိန်းရရှိနေတဲ့ ဘေးလ်အနေနဲ့ ကိုးနှစ်အကြာမှာ ဘာနေဗျူးနဲ့ လမ်းခွဲရဖို့ ရှိနေခဲ့ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်အချိန်မှာ ပရီးမီးယားလိဂ်အသင်းတွေဆီကိုပဲ ပြန်လာနိုင်ပြီး စပါးစ်နဲ့ ဆောက်သမ်တန် ဘယ်သူ့ရွေးမလဲ၊ ဒါမှမဟုတ် စကော့တလန်များဖြစ်သွားမလား စောင့်ကြည့်ရမှာပါ။

၂။ လူကာ ယိုဗစ်ချ်
ဖရန့်ဖတ်က ခေါ်လိုက်ကတည်းက ပြောင်းရွှေ့ကြေးနဲ့ရော မျှော်လင့်ချက်နဲ့ပါ တစ်ခုမှ အံမဝင်သေးတဲ့ ဆားဘီးယားတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဆင့်အတန်းမဟုတ်ဘူးလို့လည်း ဝေဖန်ခံနေခဲ့ရတာဖြစ်ပါတယ်။ အသင်းဟောင်းကိုပါ အငှားနဲ့ ပြန်ထွက်ကစားခဲ့ရတဲ့ ယိုဗစ်ချ်ဟာ လက်ရှိအချိန်အထိ ဘာနေဗျူးအတွက် ကစားပြီးသမျှ ၄၉ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်တာနိုင်ဖြစ်ပြီး ဥရောပအဆင့်မှာ ဂိုးပေါက်ရှာမတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေသေးပြီး သုံးနှစ်ကျန်နေသေးတဲ့ ချည်နှောင်မှုအရတော့ ဆားဘီးယားသားကို ယူရိုသန်း ၂၀ ဝန်းကျင်မှာ အရှုံးခံပြီး ပြန်လည်ရောင်းချရဖို့ ရှိနေသလို ၂၄ နှစ်သားအနေနဲ့ လာလီဂါမှာတောင် မအောင်မြင်ချိန်မှာ ပရီးမီးယားလိဂ်ကတော့ လှည့်ကြည့်ဖို့ မရှိတော့ဘဲ ဂျာမနီနဲ့ အီတလီတစ်ခုခုကိုသာ ရွေးချယ်သွားဖို့ ရှိနေမှာပါ။

၁။ အီဒင် ဟာဇတ်
ဝနေတယ်၊ လေ့ကျင့်ခန်း မဆင်းနိုင်ဘူး၊ ကြံ့ခိုင်မှု ဘယ်တုန်းကမှ မပြည့်ဘူးလို့ အသံတွေ ထွက်နေခဲ့တဲ့ အီဒင် ဟာဇတ်ရဲ့ ရီးရဲလ်မက်ဒရစ် ခရီးကတော့ ထင်သလို မလှပခဲ့ဘဲ ထင်ရှားကျော်ကြားလှတဲ့ ကျောနံပါတ် ၇ ကို ဆက်ခံမှုကလည်း အားမရစရာပဲဖြစ်သွားခဲ့ရသလို ဘယ်လ်ဂျီယမ်သား အနေနဲ့ ဒီရာသီမှာ ပွဲထွက် ၇ ပွဲ၊ လူစားဝင် ၁၇ ပွဲမှာ တစ်ဂိုးမှ မရသေးဘဲ ဘုရင့်ဖလားမှာသာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အေဘရာမိုဗစ်ချ် မရှိတော့သလို ဆန်ရှင်လည်း ထိထားခဲ့ချိန်မှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်ကျန်နေသေးတဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူအတွက် ရောင်းချနိုင်မယ့်အသင်း နည်းပါးနေပြီး ရီးရဲလ်ဘက်ကတော့ သူ့ကို လက်လွှတ်ဖို့ပဲ ပြင်ဆင်ထားခဲ့သလို အမ်ဘာပေကိုလည်း ကျောနံပါတ်ကိုပါ လွှဲပေးဖို့ စီစဉ်နေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အနေနဲ့ သူတို့ရဲ့ ဘလွန်ဒေါဆုရှင် ကွင်းလယ်လူ လူကာ မိုဒရစ်ချ်ကိုလည်း စာချုပ်သက်တမ်းထပ်တိုးမလားဆိုတာ ဆုံးဖြတ်ရဖို့ ရှိနေသေးပြီး တခြားကွင်းလယ်လူတွေဖြစ်ကြတဲ့ အဆန်စီယို၊ ဒါနီ စီဘာယော့စ်နဲ့ တိုက်စစ်မှူး မာရီယာနို ဒီယက်ဇ်တို့ကိုလည်း ရောင်းချသွားဖို့ ရှိနေသလို ပီအက်စ်ဂျီကနေ ရောက်လာမယ့် အမ်ဘာပေရဲ့ ဂယက်ကတော့ တော်တော်လေး ကြီးမားနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။