Ligue,  ဘောလုံးသတင်း

မသွင်းဘူးဆိုလည်း မသွင်းဘူး၊ သွင်းပြီဟေ့ဆိုရင်လည်း ဖလားပါတန်းယူတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ စနေနေ့ညက လွန်းစ်နဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အံ့မခန်းသွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလားကို ၁၀ ကြိမ်မြောက် ရရှိတဲ့ စံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိဂန်းဖလားကို ရရှိဖို့အတွက် အနည်းငယ် အလှမ်းဝေးလာသလို ဖြစ်နေတဲ့အချိန်မှာ ဘလွန်ဒေါ ၇ ဆုရှင်က ကြောက်မက်ဖွယ် ကန်သွင်းချက်နဲ့အတူ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ခေါင်းမာတဲ့ လွန်းစ်ရဲ့ ခံစစ်ကို ချိုးဖျက်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး အာဂျင်တီးနား မှော်ဆရာက ၎င်းရဲ့ အကောင်းဆုံးလုပ်နိုင်တဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က ကန်သွင်းမှုကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ နေမာ ပေးပို့လိုက်တဲ့ ဘောလုံးကို ဘယ်ခြေနဲ့ တစ်ချက်ထိန်းပြီးနောက် အားပါ ပြင်းထန်တဲ့ ဘယ်ခြေကန်သွင်းချက်နဲ့အတူ တစ်ပွဲလုံး လက်စွမ်းပြလာတဲ့ လွန်းစ် ဂိုးသမား လေကာကို ဖင်ထိုင်ကျသွားစေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာတော့ နောက်ဆုံး လိဂန်းဖလား ၁၀ ကြိမ်မှာ ၈ ကြိမ်အထိ အနိုင်ရရှိခဲ့ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက မိုနာကို၊ မနှစ်က လီလ်တို့က ရရှိသွားခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၁၉၅၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အတွင်း ပြင်သစ်လိဂ်ဖလားကို ၁၀ ကြိမ်အထိ စံချိန်တင် ရရှိခဲ့တဲ့ စန် အီတျန်ရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်း မက်ဆီအတွက် ပြင်သစ်လိဂ်ပွဲစဉ်တွေက အမြဲတမ်းတော့ လွယ်ကူခဲ့တာမဟုတ်ပေမယ့်လည်း စနေနေ့ညမှာတော့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဂျင်တီးနားဂန္တဝင်အတွက်တော့ ချိုမြိန်တဲ့ညတစ်ည ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်တစ်ဆုပ်စာ သွင်းဂိုးလောက်နဲ့ ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခွာခဲ့ရတာက မက်ဆီ ကြုံတွေ့နေကျ ရာသီမျိုးတော့ မဟုတ်ခဲ့ပေမယ့် စနေနေ့ညမှာတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ နောက်ထပ် ဆုဖလားတစ်ခုကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်နှောင်းပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်သွားချင်တဲ့ မက်ဆီအတွက် ရှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာကို အားလုံး စောင့်ကြည့်နေကြမှာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၎င်းရဲ့နောက်ဆုံးလည်း ဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားပေးသွားမှာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝဟာ နေဝင်ချိန်ကာလတွေကို ရောက်ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထူးခြားတဲ့ အရာတွေကို လုပ်ပြသွားနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ ရင်ထဲမှာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ထင်ကျန်ရစ်ခဲ့မှာ အသေအချာပဲဖြစ်ပါတယ်။