Premier League,  ဘောလုံးသတင်း

နယူးကာဆယ်လ်ကို တစ်ဂိုးတည်းနဲ့ အနိုင်ယူပြီး မန်စီးတီးကို ဖိအားပေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ ရောဘတ်ဆန်တို့ကို ပွဲထုတ်ခဲ့ပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကိုတော့ အနားပေးခဲ့ပြီး အရန်ခုံမှာပဲ ထားခဲ့သလို ကွင်းလယ်မှာတော့ ကီတာ၊ မီလ်နာနဲ့ ဟန်ဒါဆန်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာလား ပါဝင်မလာဘဲ မာနေး၊ ဂျိုတာနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို တွဲဖက်ပေးခဲ့ပါတယ်။

နယူးကာဆယ်လ်ကတော့ ဂိုးသမား ဒူဗရက်ဘ်ကာ၊ ဖာဘီယန် ရှား၊ ဒန်ဘန်း၊ ခရတ်ဖ်၊ တားဂက်တို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ ရှယ်လ်ဗီ၊ ဝီလော့ခ်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုလင်တန်၊ စန်မက်ဇီမန်နဲ့ အယ်လ်မီရွန်တို့ တွဲကစားလာခဲ့ကြတာ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ တစ်ဖက်သတ် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားခဲ့ပြီး ဂျိုတာပေးတာကနေ ကီတာ ကန်တာက တိုင်ဘေးက ကပ်ထွက်ခဲ့သလို ထောင့်ကန်ဘောကနေ မီလ်နာ ဖြတ်တင်ပေးတာကို ဗန်ဒိုက် ကန်ခွင့်ရခဲ့တာက ဘားကျော်သွားခဲ့ပြီး ပွဲစစချင်း ၁၀ မိနစ်အတွင်းမှာတော့ နယူးကာဆယ်လ် အသင်းအနေနဲ့ ခံစစ်ကစားရုံပဲ တတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပေးတဲ့ ဘောလုံးကို ကီတာက ဂျိုတာနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ဂိုးသမား ဒူဘရက်ဗ်ကာကိုပါ ထပ်မံလိမ်ခေါက်ပြီး ခံစစ်ကစားသမားနှစ်ဦး ပိတ်ထားခဲ့တဲ့ ဂိုးပေါက်ထဲကို ကန်သွင်းရယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးမှာ မီလ်နာရဲ့ ဘောလုံးရယူမှုမှာ နောက်ခံလူ ရှားဆီ လျှောထိုးဝင်ခဲ့တာကို ပြစ်ဒဏ်ဘောအဖြစ် နယူးကာဆယ်လ်တို့ စောဒက တက်ခဲ့ကြပေမယ့် ဝါရင့် အင်္ဂလန်ကွင်းလယ်လူက ဘောလုံးကို အရင်ထိခဲ့တာကြောင့် ဆုံးဖြတ်ချက်မှာ အသာရခဲ့သလို ပွဲချိန် ၃၃ မိနစ်မှာတော့ မာနေး အလွတ်ကန်ခွင့် တစ်ကြိမ်ရခဲ့ပေမယ့် ဂိုးသမားတည့်တည့်ကိုပဲ ကန်သွားခဲ့လို့ နောက်ထပ်ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရတာပါ။

ပွဲချိန် ၃၉ မိနစ်မှာ အယ်လ်မီရွန်က ဂိုးသမား အယ်လစ်ဆန်ကို လိမ်ခေါက်ပြီး ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် သိသိသာသာကြီး လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၄၁ မိနစ်မှာတော့ ညာခြမ်းက ဟန်ဒါဆန်ရဲ့ Deep Cross ကို ဂျိုတာ ခေါင်းတိုက်ချက်က ကောင်းခဲ့ပေမယ့် ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ နီးနေတာကြောင့် ပုတ်ထုတ်ခံခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးလ်တို့ ကစားပုံက အရင်ပွဲတွေလောက် မကောင်းခဲ့သလို ညာခြမ်းတစ်ခုလုံးကို အရန်ခုံမှာ အနားပေးထားခဲ့ပြီး ဆာလားရော အာနိုးလ်ဒ်ပါ ပါဝင်မလာတဲ့ တိုက်စစ်ပိုင်းက ဘယ်ခြမ်းနဲ့ ဂျိုတာကို မှီခိုနေခဲ့ရသလို မာနေးနဲ့ လူးဝစ် ဒီယက်ဇ်တို့ပါ ခြေပျောက်သလို ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာ ဂိုးသမားနဲ့ ဂျိုတာ ယှဉ်လုပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ရောဘတ်ဆန် ကန်သွင်းချက်က ကလေးဆန်လွန်းလို့ လီဗာပူးလ်တို့ အပိုင်တစ်ဂိုး နစ်နာခဲ့ရပြီး နည်းပြ ကလော့ပ်ကတော့ ဒီအတွက် ကွင်းဘေးစည်းမှာ ပေါက်ကွဲသွားခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာတော့ ခြေစွမ်း ချာနေတဲ့ မာနေးအစား ဆာလားနဲ့ ကပ္ပတိန် ဟန်ဒါဆန်အစား ဖာဘင်ညိုတို့ကို အပြောင်းအလဲလုပ်သွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂျိုတာရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် လီဗာပူးလ်တို့ နှစ်ကြိမ်လောက် ဂိုးရနိုင်ခွင့်တွေနဲ့ လွဲချော်ခဲ့ရသလို တားဂက်ကို ကျော်ပြေးတဲ့ ဆာလားရဲ့ နောက်ဆုံးထိချက်က မှားသွားခဲ့လို့ ဂိုးသမား ဒူဘရက်ဗ်ကာ ကာကွယ်သွားနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ် အပြီးမှာတော့ အဖိုးတန်သုံးမှတ်ကို ဧည့်သည်အဖွဲ့တွေ စုဆောင်းသွားနိုင်ခဲ့ကြတာပါ။

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့အနေနဲ့ ပွဲစဉ် ၃၅ အပြီးမှာ ရမှတ် ၈၂ မှတ်နဲ့ အဆင့် ၁ နေရာကို မန်ချက်စတာစီးတီးတို့ အဝေးကွင်းမှာ လိဒ်စ်ယူနိုက်တက်တို့နဲ့ မကစားခင်မှာ ခေတ္တရယူနိုင်ခဲ့သလို နောက်ကနေ အပြင်းအထန် ဖိအားပေးနိုင်ခဲ့ပြီး နယူးကာဆယ်လ်တို့ကတော့ အဆင့် ၉ မှာပဲ ဆက်လက်ရှိနေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။