Premier League,  ဘောလုံးသတင်း

ချဲလ်ဆီးတို့ နိုင်ပွဲနဲ့ အဆင့် ၃ ကို ဆုပ်ကိုင်ချိန်မှာ တန်းဆင်းဖို့ နီးလာတဲ့ လိဒ်စ်

အိမ်ရှင် လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ခံစစ်မှာ ဂိုးသမား မေလီယေးနဲ့အတူ နောက်ခံအစွန်လူတွေကိုတော့ အသုံးပြုခြင်းမရှိဘဲ ကို့ချ်၊ ယော်ရန်တေ၊ ကူးပါးနဲ့ စထရိုက်ခ်တို့လို ဗဟိုခံစစ်မှူး လေးဦးနဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဖိလစ်နဲ့ ဘိတ်စ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဒန်ဂျိမ်းစ်၊ ရာဖင်ညာ၊ ဟာရီဆန်နဲ့ ရိုဒရီဂိုတို့ကို အသုံးပြုလာခဲ့ကြပါတယ်။

ချဲလ်ဆီးတို့ကတော့ ခံစစ်မှာ ဂိုးသမား မန်ဒီ၊ ချာလိုဘာ၊ ခရစ္စတင်ဆန်နဲ့ ရူဒီဂါတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ကိုဗာချစ်၊ ဂျော်ဂျင်ညို၊ အလွန်ဆိုနဲ့ ရီးစ်ဂျိမ်းစ်တို့ ပွဲထွက်ခဲ့ကြသလို တိုက်စစ်မှာတော့ လူကာကူးကို အထောင်ထားပြီး သူ့နောက်ကနေ မေဆန်မောင်နဲ့ ပူလီရှစ်ချ်တို့ လိုက်ပါကစားသွားခဲ့ကြတာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက ချဲလ်ဆီးတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ညာခြမ်းကနေ လိဒ်စ်တို့ရဲ့ Pressing ကို ဖောက်ထွက်လာနိုင်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်က ဘောလုံးကိုင်ထားပြီးမှ နောက်ကို ပြန်ချိုးပေးတာကို ပြေးဝင်လာတဲ့ မေဆန်မောင့်က ညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းပြီး အိမ်ရှင်ဂိုးသမား မေလီယေးကို အနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လိဒ်စ်တို့ကတော့ တန်းဆင်းရဖို့များ အာရုံကြိုရနေလို့များ အိုးနင်းခွက်နင်း ကန်နေတာလားလို့ မေးရမလိုဖြစ်နေပြီး ကစားပုံက အားရစရာ မရှိခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာတော့ ကိုဗာချစ်ကို လျှောထိုးဖျက်ရင်း ခြေထောက်ကို ခပ်ကြမ်းကြမ်း ကန်ခဲ့တဲ့ ဒန်ဂျိမ်းစ်ကို ဒိုင်လူကြီး အန်ထော်နီ တေလာက တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ပစ်ခဲ့တာကြောင့် လန်ဒန်နှစ်သင်းနဲ့အတွေ့မှာ နှစ်ပွဲဆက်တိုက် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာပါ။

တန်းဆင်းဇုန် အဆင့် ၁၈ က လိဒ်စ်တို့အတွက်ကတော့ ရေနစ်သူ ဝါးကူထိုးသလိုဖြစ်ခဲ့ရပြီး အသင်းကိုလည်း ဘယ်သူကမှ မယ်မယ်ရရ ဦးဆောင် ကစားနိုင်တာမျိုးမရှိသလို ပွဲချိန် မိနစ် ၃၀ မှာတော့ ကိုဗာချစ်ကို လော့ဖ်တပ်စ်-ချိခ်နဲ့ လဲခဲ့ရပြီး ၃၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူကာကူးက ချဲလ်ဆီးတို့အတွက် ဂိုးထပ်သွင်းပေမယ့် လူအနည်းငယ် ကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ နည်းပြ ဘီယယ်လ်ဆာကို ဂျက်ဆီ မာ့ရှ်နဲ့ လဲထားတဲ့ လိဒ်စ်တို့ကို ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဧည့်သည်တွေပဲ ဖိကစားခဲ့သလို အခွင့်အရေး တော်တော် များများ ဖန်တီးနိုင်ခဲ့ကြပြီး လူကာကူးရဲ့ အဆုံးသတ်မှုတွေကတော့ အနည်းငယ် အားနည်းနေလို့သာ ဂိုးရဖို့ကို ဆယ်မိနစ်လောက် ထပ်စောင့်ခဲ့ရတာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ ဂျော်ဂျင်ညိုပေးတဲ့ ဘောလုံးကို မေဆန်မောင့်က နောက်ပေါက်နဲ့ ချန်ထားပေးခဲ့ရာမှာ နေရာလွတ်ရသွားခဲ့တဲ့ ပူလီရှစ်ချ်က ဘယ်ခြေနဲ့ တိုင်ခြေကို အပိုင်ကန်သွင်းပြီး ရယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ပူလီရှစ်ချ်၊ လူကာကူးနဲ့ မေဆန်မောင်တို့ အခွင့်အရေးတစ်ကြိမ်စီ လွဲချော်ခဲ့ကြသလို နည်းပြ တူဟယ်လ်ကတော့ အနိုင်ကို သေချာစေဖို့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်လာခဲ့ပြီး ရီးစ်ဂျိမ်းစ်အစား အက်ဇ်ပီလီကွေတာနဲ့ ပူလီရှစ်ချ်အစား ဇီးယက်ရှ်တို့ကို လဲခဲ့သလို လိဒ်စ်ဘက်က ရာဖင်ညာအစား ဂါးဟတ်ဒ် ဝင်ကစားခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ချဲလ်ဆီးရှေ့တန်း ကစားသမားတွေအားလုံး သွင်းဂိုးတစ်ဂိုးစီ လူစေ့သွားစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး လိဒ်စ်ခံစစ်အမှားကနေ ညာခြမ်းက ဘောလုံးရသွားတဲ့ ဇီးယက်ရှ်က ချိုးပေးခဲ့တာကို လူကာကူးက ခံစစ်သမား သုံးယောက်လောက်ကို လိမ်ခေါက်ပြီးမှ အနီးကပ် အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ထပ်ရတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အယ်လန်ရုတ်ဒ်မှာ ချဲလ်ဆီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြပြီး အဆင့် ၃ နေရာကနေ ချန်ပီယံလိဂ်ဝင်ဖို့ ခိုင်မာလာခဲ့သလို သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ လိဒ်စ်တို့ကတော့ အဆင့် ၁၈ နေရာကပဲ တန်းဆင်းဖို့ အားလုံးရဲ့ အထင်အမြင်တွေနဲ့ ထိုက်တန်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။