Premier League,  ဘောလုံးသတင်း

လီဗာပူးလ်နဲ့ သမိုင်းကြောင်းတွေရှိတဲ့ ဒိုင်ကိုမှ ရွေးချယ်ပြီး တာဝန်ပေးလိုက်တဲ့ ယူအီးအက်ဖ်အေ

ယူအီးအက်ဖ်အေက ပြင်သစ်လူမျိုး ဒိုင်လူကြီး ကလေမွန် တူရ်ပန်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး ဒီဒိုင်လူကြီးဟာ ကြိုးကြာနီတွေနဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တဲ့သူဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေမွန် တူရ်ပန်ဟာ ကိဗ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ယာဂန် ကလော့ပ်ရဲ့အသင်းက ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တဲ့အချိန်တုန်းက စတုတ္ထဒိုင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိမှာ ပြည်ပထွက်ကစားနေတဲ့ ဂိုးသမား ကားရီးယပ်စ်ဟာ စပိန်လာလီဂါထိပ်သီးအသင်းကြီးကို ဗိုလ်စွဲသွားစေမယ့် အခွင့်အရေး ၂ ခုကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအမှားမှာ ကားရီးယပ်ဟာ ဘောလုံးကို လက်နဲ့ လှိမ့်ပေးခဲ့ရာမှာ ဘန်ဇီးမားက ကြားဖြတ်ခဲ့ရာမှာ ဂိုးခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး နောက်ထပ်တစ်ကြိမ်မှာတော့ ဂါရတ် ဘေးလ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က ကန်သွင်းမှုကို ကာကွယ်ရာမှာ လက်ချော်ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ကားရီးယပ်စ်ရဲ့ လီဗာပူးလ်အတွက် ကစားပေးရတဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်ဟာ လက်ရှိမှာ ပရိသတ်အချစ်တော်ဖြစ်နေပြီဖြစ်တဲ့ အယ်လစ်ဆန်ကို အလျင်အမြန် ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ယခုနှစ် ဗိုလ်လုပွဲကတော့ တူရ်ပန်ရဲ့ ပထမဆုံး ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ဖြစ်ပြီး ပြင်သစ်လူမျိုးဒိုင်လူကြီးဟာ ချန်ပီယံလိဂ်အတွေ့အကြုံတွေ အများအပြားရှိသူ ဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဒိုင်လူကြီးဟာ ဆာလား၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို မတက်ရောက်နိုင်ခင် ၁၆ သင်းရှုံးထွက်အဆင့်မှာ လိုက်ပ်ဇစ်နဲ့ တွေ့ဆုံခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ တူရ်ပန်ဟာ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်ကို ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ရှုံးနိမ့်သွားခဲ့ပြီး အူနိုင်း အမ်မရီရဲ့အသင်းက ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပဲရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် တာဝန်ယူကိုင်တွယ်ဖို့ တူရ်ပန်ကို ခန့်အပ်မှုဟာ ကလော့ပ်ရဲ့အသင်းအတွက်တော့ သတင်းကောင်းတော့ မဟုတ်နိုင်ဘဲ ပြင်သစ်လူမျိုးဒိုင်လူကြီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပွဲစဉ်အများအပြားကို တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ လာလီဂါဘီလူးကြီးထက်ပိုပြီး အခြားအသင်းတွေကို နိုင်ပွဲရယူခွင့် မပြုခဲ့သေးတာဖြစ်ပါတယ်။

ပြင်သစ်လူမျိုးဒိုင်လူကြီးဟာ ရီးရဲလ်မက်ဒရစ်အသင်းပွဲစဉ်တွေကို ၄ ကြိမ်အထိ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်က လူဒိုဂရက်စ်ကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲ၊ ၂၀၁၈ မှာ ရိုးမားကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲ၊ ၂၀၂၀ မှာ အင်တာမီလန်ကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲ၊ ယခုရာသီ ချဲလ်ဆီးကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်တွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။