Premier League,  ဘောလုံးသတင်း

အာဆင်နယ်နဲ့စပါးစ်လောက်မှာ ကစားရမယ့်ကစားသမားကို ရောင်းထုတ်ဖို့ မန်ယူကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိမှာ အာဆင်နယ် သို့မဟုတ် တော့တင်ဟမ်ဟော့စပါးအသင်းတို့လောက်မှာပဲ ကစားလို့ရနိုင်တော့မယ့် မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယခုနွေရာသီမှာ ရောင်းထုတ်ဖို့ အကြံပေးခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ စိတ်ပျက်စရာ ရာသီဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်းရမှတ် အနိမ့်ဆုံးနဲ့ ရာသီကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နိုင်သေးတယ်ဆိုပေမယ့်လည်း သရဲနီတွေရဲ့ သမိုင်းကြောင်းအရ ဆိုးရွားလွန်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းအတွင်းက အခြေအနေတွေကလည်း လေ့ကျင့်ရေးမှာ ရန်ဖြစ်တဲ့သူတွေက ဖြစ်ခဲ့ကြပြီး ကွင်းအတွင်းမှာလည်း စည်းလုံးညီညွတ်မှုမရှိဘဲ ဖြစ်ချင်သလို ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။ ဂျက်ဆီ လင်ဂတ်၊ ကာဗာနီနဲ့ ပေါ့ဂ်ဘာတို့အားလုံးဟာ ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ၎င်းတို့သာ အသင်းကို စွန့်ခွာချင်နေတာမဟုတ်ဘဲ စိတ်ပျက်စရာနှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ကလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေတယ်လို့ ယခုနှစ်အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ၎င်းရဲ့ ပွဲဦးထွက်ရာသီတုန်းက ၁၁ ပွဲသာ ပါဝင်ကစားပေးခဲ့ရတုန်းကထက်တောင် နည်းပါးတဲ့ သွင်းဂိုး ၄ ဂိုးသာ ယခုရာသီမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်သိုနီ အီလန်ဂါက ယာယီနည်းပြ ရန်းနစ်ခ်ရဲ့ ပိုမိုနှစ်သက်ခြင်းခံခဲ့ရတာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ပွဲထွက်လူစာရင်းမှာ နေရာရဖို့အတွက် ရုန်းကန်ခဲ့ရပြီး အင်္ဂလန်အသင်းနဲ့ လက်ရွေးစင်ကစားသမားဘဝကလည်း ချောက်ကမ်းပါးအစွန်းကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းကို စွန့်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပြီး ကာရေဂါက ကစားသမားအတွက်ရော အသင်းအတွက်ပါ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက မန်ချက်စတာယူနိုက်တက်အတွက် ကောင်းသင့်သလောက် မကောင်းတော့ပါဘူး။ သူက တော့တင်ဟမ် သို့မဟုတ် အာဆင်နယ်အတွက် ကစားပေးရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပြီး ကာရေဂါနဲ့အတူ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်နေတဲ့ ဂယ်ရီ နဗီးက လီဗာပူးလ်နောက်ခံကစားသမားဟောင်းရဲ့ ပြောဆိုမှုကို မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

“သူက ကောင်းသင့်သလောက် ကောင်းတယ်ဆိုတာကို သက်သေပြသခဲ့ပြီးပါပြီ။ ခင်ဗျား မဟုတ်တာပြောနေတာ လက်ပိုက်ကြည့်မနေနိုင်ပါဘူး”လို့ တုံ့ပြန်ခဲ့ပေမယ့် ကာရေဂါက “သူက ခင်ဗျားကို ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျား မီဂါစတားဖြစ်လာဖို့ သူနဲ့အတူ တိုက်စစ်မှာ တိုက်စစ်မှူး ၂ ယောက်လိုအပ်မှာဖြစ်ပြီး သူက အပိုဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတာကြောင့် အာဆင်နယ်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သတင်းတွေ အမှန်တကယ် ထွက်ပေါ်ခဲ့ဖူးပေမယ့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ အမှန်တကယ် အပြောင်းအရွှေ့ဖြစ်လာဖို့ လစာပမာဏကို လျှော့ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး အသစ်ရောက်လာတဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်အနေနဲ့ လာမယ့်ရာသီ ၎င်းအတွက် ဘာအစီအစဉ်ရှိလဲဆိုတာကို ပြောဆိုရခြင်းမရှိသေးတာဖြစ်ပါတယ်။