Laliga,  ဘောလုံးသတင်း

၂၀၂၂ Ballon d’Or ဆုအတွက် ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ အပြတ်အသတ်ရေပန်းစားနေပြီး ယင်းဆုနှင့် ဘန်ဇီမာ ထိုက်တန်သည်မှာ သံသယရှိစရာမလိုဟု မက်ဆီ သုံးသပ်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ချီးမြှင့်မည့် ၂၀၂၂ Ballon d’Orဆုအတွက် ပြင်သစ်နာမည်ကြီးတိုက်စစ်မှူး ဘန်ဇီမာက ရီးယဲလ်မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပြီးနောက် အပြတ်အသတ်ရေပန်းစားလာကြောင်း သိရသည်။

ဗြိတိန်လောင်းကစားကုမ္ပဏီ William Hill မှထုတ်ပြန်သည့်အလေးပေးချက်တွင်  ဘန်ဇီမာသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ  ရေပန်းစားမှု၌ ၄း၁၁ လေးသာရှိခဲ့ရာမှ ယခု အခါ ၁း၁၀ လေးအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ဘန်ဇီမာသည် သူ၏ရီးယဲလ်ကစား သမားဘဝ ၁၃ ရာသီတွင် ယခုရာသီမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ပြီး ပြိုင်ပွဲစုံ ၄၄ ဂိုးသွင်း၊ ၁၅ ဂိုးဖန်တီးကာ အသင်းနှင့်အတူ ချန်ပီယံလိဂ်နှင့် လာလီဂါဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့သည်။ 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဘန်ဇီမာသည် လာလီဂါနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲ နှစ်ခုစလုံးတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်ခဲ့ပြီး PSG ၊ ချယ်လ်ဆီးအသင်းများ နှင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ် နှစ်ပွဲဆက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ အနီး စပ်ဆုံးဖြစ်သည့် လီဗာပူးလ်အသင်းမှ ဆာလာနှင့် မန်စီးတီးအသင်းမှ ဒီဘရိုင်းနားတို့ မှာ ၁ဝး၁ လေးစီရှိနေပြီး ဘန်ဇီမာနှင့် များစွာကွာဟလျက်ရှိသည်။

Ballon d’Or ချီးမြှင့်သည့်သမိုင်းတစ်လျှောက် ခုနစ်ကြိမ်ဖြင့် အများဆုံးဆွတ်ခူးထားသည့် မက်ဆီက ယခုနှစ်ဆုအတွက် ဘန်ဇီမာရသင့်သည်မှာ သံသယရှိစရာမလို ကြောင်း သုံးသပ်ခဲ့သည်။ အာဂျင်တီးနားနှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲအ တွက် ပြင်ဆင်နေသည့် မက်ဆီကို အာဂျင်တီးနားရုပ်သံ TyC Sports က အင်တာဗျူးပြုလုပ်ခဲ့ရာတွင် မက်ဆီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

မက်ဆီက “အဲဒါက ဘာမှ သံသယဖြစ်စရာမရှိပါဘူး။ ဘန်ဇီမာက လက်ဖျားခါလောက်တဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီး ချန်ပီယံလိဂ်ဖလားဆွတ်ခူးမှုနဲ့ အဆုံးသတ် ခဲ့တာကြောင့် ရှင်းနေတာပါပဲ။ သူက ရှုံးထွက် ၁၆ သင်းအဆင့်ကစပြီး ပွဲတိုင်းမှာ အရေးအ ပါဆုံးကစားသမား ဖြစ်ခဲ့တာပါ။ ဒီနှစ်ကတော့ သူ့အတွက်လို့ပဲ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ယခုနှစ် Ballon d’Or ဆုပေး ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်စာရင်း ကိုမူ သြဂုတ်လ ၁၂ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်သည်။