Bundesliga,  ဘောလုံးသတင်း

လီဗာပူးလ်မှ ထွက်ခွာတော့မည့် မာနေအား (၃)နှစ်စာချုပ်ဖြင့်ခေါ်ယူရန် ဘိုင်ယန်မြူးနစ် သဘောတူညီမှုရခဲ့ပြီဟု ဗြိတိန်မီဒီယာများဖော်ပြ

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနွေရာသီအပြောင်း အရွှေ့ဈေးကွက်၏ တတိယမြောက်ခေါ်ယူမှုအဖြစ် လီဗာပူးလ်အသင်းမှ ထွက်ခွာတော့မည့် ဆီနီဂေါတိုက်စစ်မှူး မာနေ (၃၀နှစ်)အား (၃)နှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မာနေအနေဖြင့် လီဗာပူးလ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရခဲ့ပြီးနောက် ယခုနွေရာသီတွင်အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများခပ်စိပ်စိပ်ထွက်ပေါ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနွေရာသီအ ပြောင်းအရွှေ့ကာလအစပိုင်းတွင်ပင် ကစားသမားခေါ်ယူမှုများကို ခပ်စိပ်စိပ်ပြုလုပ်နေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း အေဂျက်စ်အသင်းမှ မော်ရိုကိုနောက်ခံလူ မက်ဇူဟာနှင့် ဒတ်ချ်ကွင်းလယ်လူ ဂရာဗန်ဘတ်ချ်တို့ကို ဆက်တိုက်ဆိုသလိုခေါ်ယူနိုင်ခဲ့သည်။

ထို့ကြောင့် မာနေမှာ ဘိုင်ယန်မြူးနစ်အသင်း၏ ယခုနွေရာသီအပြောင်းအရွှေ့ကာလ တတိယမြောက်ခေါ်ယူသည့်ကစားသမားဖြစ်လာမည်ဖြစ်ပြီး အသင်းနှစ်သင်းအကြား ပြောင်းရွှေ့ကြေး သဘောတူညီမှုလည်းရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အားကစားသတင်းစာ Sport Bible က ဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိသေးသည့် မာနေအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၅၀)ခန့် အလိုရှိနေသော်လည်း ဘိုင်ယန်မြူးနစ်အသင်းမှာမူ ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀)နှင့် တစ်နှစ်လစာငွေ ယူရိုသန်း (၂၀)ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။

Sport Bible ၏ ဖော်ပြချက်အရ မာနေသည် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ နာဂယ်စ်မန်းနှင့် အပြောင်းအရွှေ့အတွက် တိုက်ရိုက်ပြောဆိုခဲ့ပြီး လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်တို့မှာလည်း ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ကစားသမား၏ အပြောင်းအရွှေ့အတွက် တရားဝင်ဆွေးနွေးမှုများစတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

မာနေသည် လီဗာပူးလ်အသင်းအတွင် ၂၀၁၆-၁၇ ရာသီမှစတင်ကာ (၆)ရာသီကြာကစားခဲ့ပြီး အသင်းနှင့်အတူ အဓိကဆုဖလား (၆)လုံးရယူကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။