Premier League,  ဘောလုံးသတင်း

မန်ယူအစား လီဗာပူးလ်ကို ဘာလို့ ရွေးချယ်ခဲ့လဲဆိုတာကို ထုတ်ပြောလိုက်တဲ့ နူးညက်ဇ်

ဒါဝင် နူးညက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ စိတ်ဝင်စားခြင်းခံနေရချိန်မှာ လီဗာပူးလ်အသင်းကို ဘာကြောင့် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့လဲဆိုတာကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ အင်္ဂါနေ့မှာ လီဗာပူးလ်ကစားသမားအဖြစ် တရားဝင် ထုတ်ဖော်ကြေညာခြင်းခံခဲ့ရတာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ ယခုနွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နူးညက်ဇ်ဟာ ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းအပြင် ထပ်ဆောင်းပေးချေမှုတွေ ပါဝင်တဲ့ သဘောတူညီမှုနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ယုံကြည်ရပြီး ဘင်ဖီကာတိုက်စစ်မှူးဟောင်းဟာ ပေါ်တူဂီမှာ အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေအတွက် အချက်ပေးသံဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အထောက်အပံ့ပေးနိုင်မယ့် တိုက်စစ်မှူးသစ် လိုအပ်နေပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက ခါးသီးပြိုင်ဘက်က ဒါဝင် နူးညက်ဇ်ရဲ့ အပြောင်းအရွှေ့ပြိုင်ပွဲမှာ အလဲထိုးဖို့ ပြင်ဆင်နေပြီဆိုတာ ထင်ရှားလာခဲ့တာဖြစ်ပြီး အန်းဖီးကို ပြောင်းရွှေ့လာပြီးနောက် နူးညက်ဇ်က ဘာကြောင့် လီဗာပူးလ်ကို ရွေးချယ်ခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

“လီဗာပူးလ်မှာ ရှိရတာ စိတ်ပျော်ရွှင်စရာဖြစ်ပြီး ဒီလို အရမ်းကောင်းတဲ့အသင်းရဲ့ တစ်စိတ်တပိုင်းဖြစ်ရတာ အရမ်းကို ပျော်ပါတယ်။ ကျွန်တော် လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ သူတို့ ကစားခဲ့တဲ့ ပွဲတော်တော်များများကိုလည်း မြင်ခဲ့ပါတယ်။ အဲဒါက ကျွန်တော် ကစားတဲ့ပုံစံမျိုးပါပဲ။ ဒီမှာ အရမ်းကောင်းတဲ့ ကစားသမားအချို့ရှိနေပြီး ကျွန်တော့် ကစားဟန်က ဒီမှာ အံဝင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြောခဲ့တဲ့အတိုင်း ကျွန်တော် သူတို့ကစားတာ တော်တော်များများ ကြည့်ပြီးပါပြီ။ လီဗာပူးလ်က အရမ်းကြီးမားတဲ့အသင်းဖြစ်ပြီး အသင်းကို ကူညီပေးနိုင်ဖို့ ကျွန်တော့်မှာရှိတဲ့အရာအားလုံးကို ပေးသွားနိုင်ဖို့ မျှော်လင့်မိပါတယ်”

“ကျွန်တော် လေ့ကျင့်ရေးကွင်းကို ရောက်တဲ့အချိန်မှာ ကျွန်တော် ပြင်ဆင်ထားတာတွေနဲ့ တည်ဆောက်ပုံအားလုံးကို မြင်ရတာ တကယ်ကို အံ့အားသင့်ခဲ့ပြီး ဒီမှာ ဆုဖလားအားလုံးရှိနေပါတယ်။ ခင်ဗျား ဆုဖလားတွေ ပိုပြီး ရရှိမှာကို ကိုယ့်ဘာသာ မြင်ယောင်ကြည့်နိုင်ပြီး ဒီကို ရောက်လာတဲ့အခါမှာလည်း ဆုဖလားတွေ ပြထားတာကို မြင်နိုင်ပါတယ်။ ‘ကြည့်စမ်း၊ ငါ ဒီအသင်းရဲ့အစိတ်အပိုင်း ဖြစ်ခဲ့တယ်။ အဲဒီဖလားရတုန်းက ငါ အဲဒီမှာ ရှိခဲ့တယ်’လို့ ခင်ဗျား ပြောနိုင်ပါတယ်။ အဲဒါက ကျွန်တော် လီဗာပူးလ်ကို လာခဲ့ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆုဖလားတွေကို ရရှိဖို့ပါ။ ကျွန်တော် လီဗာပူးလ်မှာ ဆုဖလားတွေ အများကြီး အနိုင်ရရှိချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။