Premier League,  ဘောလုံးသတင်း

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို ထွက်ခွာခွင့်ပြုဖို့ ပြင်ဆင်နေချိန်မှာ လိဒ်စ်ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် လိဒ်စ်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း ပေးချေသွားရမှာဖြစ်ပြီး နောက်ထပ် ဆုကြေးငွေအနေနဲ့ ပေါင် ၃ သန်းပေးချေသွားရမှာ ဖြစ်ပါတယ်။

ကယ်လ်ဗင် ဖိလစ်ပ်စ်ရဲ့ အပြောင်းအရွှေ့ဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ သဘောတူညီမှု ရရှိဖို့ ကျန်ရှိနေသေးပေမယ့်လည်း အဲဒါက သိပ်တော့ ခဲယဉ်းတဲ့ ကိစ္စမဟုတ်တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ကာလရှည် အသင်းအတွက် ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ညို ထွက်ခွာခဲ့ပြီးနောက် လိဒ်စ်ယူနိုက်တက်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပ်စ်ဟာ လိဒ်စ်ယူနိုက်တက်အကယ်ဒမီကနေတဆင့် ပေါ်ထွက်လာတဲ့ ကစားသမားဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ အသင်းအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။

ကယ်လ်ဗင် ဖိလစ်ပ်စ်ဟာ ပြီးခဲ့တဲ့နှစ်က ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းထဲမှာ ပါဝင်ကစားပေးပြီး ထိပ်တန်းကွင်းလယ်ကစားသမားဆိုတာကို သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပ်စ်ဟာ ဒေါ့မွန်အသင်းကနေ ဟာလန်း၊ ရေးဗားပလိတ်က ယူလီယန် အဲဗားရက်ဇ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးအသင်းရဲ့ တတိယမြောက် အဓိကကစားသမားခေါ်ယူမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မန်ချက်စတာစီးတီးအကယ်ဒမီထွက် ကွင်းလယ်ကစားသမား ဒါကို ဂယာဘီက လိဒ်စ်ယူနိုက်တက်အသင်းကို ပေါင် ၅ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။