Ligue,  ဘောလုံးသတင်း

နေမာကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကို အချက်ပေးလိုက်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း နေမာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ထိပ်တန်းအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး အဲဒီအသင်းတွေထဲမှာ ချဲလ်ဆီးအသင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဓိက ကစားသမားအများအပြားကို ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပြီး နည်းပြ သောမတ်စ် တူဟယ်ဟာ လူစာရင်းကို သွေးသစ်ပြန်လောင်းဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ပုံမှန် ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်ပိုင်းက စိတ်ဝင်စားစရာကောင်းနေပြီး အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးရှင် လူကာကူးဟာ မျှော်မှန်းထားတဲ့အတိုင်း ခြေစွမ်းမပြသနိုင်ခဲ့တာက ပိုလို့တောင် အာရုံစိုက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် အနည်းဆုံး ပေါင်သန်း ၂၀၀ အထိ သုံးစွဲခွင့်ပြုသွားမယ်လို့ ယုံကြည်ရပြီး တူဟယ်အတွက် စိတ်ကြိုက်ကစားသမားကို ခေါ်ယူခွင့် ရှိနေတာဖြစ်ပါတယ်။

အနောက်လန်ဒန်ကို ကစားသမားအများအပြား ပြောင်းရွှေ့လာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ရာဟင်း စတားလင်း၊ ရာဖင်ညာအစ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ နေမာတို့အဆုံး ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတာဖြစ်ပါတယ်။

နေမာကို ချဲလ်ဆီးအသင်းအနေနဲ့ ယခုနွေရာသီမှာ ခေါ်ယူနိုင်မယ့်ပုံပေါ်ပြီး ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့ စတင်ကြိုးပမ်းနေပြီဖြစ်တာကြောင့် ဘရာဇီးလ် တိုက်စစ်မှူးကို ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

နေမာဟာ သောမတ်စ် တူဟယ် ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်တုန်းက အလုပ်အတူတူ တွဲလုပ်ခဲ့ဖူးသူဖြစ်တာကြောင့် ဂျာမန်လူမျိုးနည်းပြဟာ ဘရာဇီးလ်တိုက်စစ်မှူး ဘာလုပ်နိုင်လဲဆိုတာကို ကောင်းကောင်း သိနေမှာဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ချဲလ်ဆီးအသင်းဆီက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်တာမျိုး မတွေ့ရသေးတာဖြစ်ပါတယ်။