Laliga,  ဘောလုံးသတင်း

ပေါင် ၅၅ သန်းတန်အပြောင်းအရွှေ့မှာ ချဲလ်ဆီးနိုင်သွားပြီလို့ ဝန်ခံခဲ့တဲ့ ဘာကာ

ဘာစီလိုနာအသင်းဥက္ကဌ ယိုအန် လာပေါ်တာက ချဲလ်ဆီးအသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ အနိုင်ရရှိသွားခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက ယခုအပတ်မှာ ကွန်ဒေးအတွက် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာမှာ ဆီဗီလာအသင်းက လက်ခံလိုက်တာဖြစ်ပြီး ပြင်သစ်နောက်ခံကစားသမားဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းကလည်း ကွန်ဒေးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့ပြီး ကြာသပတေးနေ့ ညနေပိုင်း သတင်းတွေရဲ့ ဖော်ပြချက်အရ ပြင်သစ်နောက်ခံလူဟာ ဆီဗီလာနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လုပ်နေတဲ့ စပိန်အသင်းကို ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ၎င်းတို့ရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ယခုနွေရာသီမှာ အပြောင်းအရွှေ့ အစီအစဉ်တွေ နှောင့်နှေးနေခဲ့ရတာကြောင့် ဆီဗီလာကို ကမ်းလှမ်းမှုတောင် မပြုလုပ်ရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ လာပေါ်တာဟာ ဘာစီလိုနာအသင်းက ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုအတိုင်း လိုက်ပြီး ကမ်းလှမ်းဖို့ ကြိုးပမ်းမှုမှာ ရှုံးနိမ့်ခဲ့ပြီဆိုတာကို လက်ခံလိုက်ပြီဖြစ်ပုံ ပေါ်ပါတယ်။

Relevo က ရိုက်ကူးခဲ့တဲ့ လာပေါ်တာရဲ့ ဘာစီလိုနာပရိသတ်တွေနဲ့ တွေ့ဆုံစကားပြောဆိုရာမှာ ကွန်ဒေးကို ခေါ်ယူမှာလားလို့ မေးမြန်းခြင်းခဲ့ရတာဖြစ်ပြီး ဘာစီလိုနာဥက္ကဌက “ဟင့်အင်း။ သူက ချဲလ်ဆီးအသင်းနဲ့ စာချုပ် ချုပ်တော့မှာပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက် တောင်ပံကြယ်ပွင့် ရာဖင်ညာရဲ့ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပေါင် ၅၅ သန်းနဲ့ သဘောတူညီမှု ရရှိထားပြီးမှ ကစားသမားက နူးကမ့်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။