Premier League,  ဘောလုံးသတင်း

ဖာဂူဆန်တောင် အံ့အားသင့်လောက်အောင် ပြတ်သားနေတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့မှာ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုချိန်အတွင်း ဆာ အဲလက်စ် ဖာဂူဆန် ပါဝင်ခဲ့ပေမယ့်လည်း ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ရာသီကြိုလေ့ကျင့်ရေးကို ပြန်မလာခဲ့သူဖြစ်ပြီး ၎င်းရဲ့ အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က ယခုနွေရာသီမှာ ပေါ်တူဂီကြယ်ပွင့်အတွက် အသင်းသစ် ရှာဖွေဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ ရော်နယ်လ်ဒိုနဲ့ မန်းဒက်စ်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့တာဖြစ်ပြီး ယူနိုက်တက် စီအီးအို ရစ်ချက် အာနိုးလည်း ဖာဂူဆန်နဲ့အတူ ဆွေးနွေးမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ အသက် ၁၇ နှစ်အရွယ် ရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ခဲ့တဲ့ ဖာဂူဆန်ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားအဖြစ် တိုးတက်လာမှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ နီးကပ်တဲ့ဆက်ဆံရေး ထိန်းသိမ်းထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဖွင့် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး အခြား အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးကို အသင်းကနေ ထွက်ခွာခွင့် ပေးမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပြီး ယခုရာသီ နည်းပြတန်ဟက်ဂ် လက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားရမှာဖြစ်တယ်လို့ ကတိပေးထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဘက်ကရော၊ ရော်နယ်လ်ဒိုဘက်ကပါ ကိုယ်ပိုင်ရပ်တည်ချက်အတိုင်း နည်းနည်းလေးတောင် အထိအခိုက်မခံတာကြောင့် ရာသီသစ် စတင်ဖို့ ၁၂ ရက်သာ လိုတော့တဲ့အချိန်အထိ လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေတာဖြစ်ပါတယ်။

အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ဟာ ရော်နယ်လ်ဒိုကို ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ စတဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ၃ သင်းစလုံးက ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို ပေါ်တူဂီကြယ်ပွင့်က ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၉ နှစ်ကြာ ရှိခဲ့တဲ့ သမိုင်းကြောင်းကြောင့် အက်သလက်တီကို မက်ဒရစ်ပရိသတ်တွေရဲ့ ခါးခါးသီးသီး ငြင်းဆန်ခြင်းကို ခံနေရတာဖြစ်ပါတယ်။