Premier League,  ဘောလုံးသတင်း

ဟားလန်းထက် နူးညက်ဇ် သာခဲ့ပြီး ကွန်မြူနတီဒိုင်းကို စီးတီးဆီက ရယူလိုက်တဲ့ လီဗာပူးလ်

အက်ဖ်အေဖလားချန်ပီယံ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း ဂိုးသမား အက်ဒရီယန်ကိုပဲ အသုံးပြုခဲ့ရပြီး ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ဖာဘင်ညို၊ သီယာဂိုနဲ့ ဟန်ဒါဆန်တို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ဆာလား၊ ဖာမီနိုနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ဖွဲ့စည်းလာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးတို့ကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ကန်ဆယ်လိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ ပွဲထွက်လာခဲ့ကြတာပါ။

လီဗာပူးလ်တို့ ညာခြမ်းက ဆာလားရဲ့ ထိုးဖောက်မှုတွေကို မန်စီးတီးတို့ ထိန်းဖို့ ခက်ခဲနေခဲ့သလို ဒီယက်စ်နဲ့ တွဲကစားတဲ့ အာကေက ကလေးလို ဖြစ်နေခဲ့ချိန်မှာ ကွင်းလယ်မှာတော့ ထိန်းကျောင်းနိုင်သူ မပါတဲ့ စီးတီးတို့ကို လီဗာပူးလ်တို့က စိုးမိုးထားနိုင်ခဲ့ပြီး ဟားလန်းကိုလည်း အခွင့်အရေး မရအောင် ဖာဘင်ညို၊ ဗန်ဒိုက်နဲ့ မာတစ်ပ်တို့ ပိတ်ဆို့သွားနိုင်ခဲ့ကြပါတယ်။

ဂရီးလစ်ရှ်ရဲ့ ပေါ့ပျက်ပျက် ကစားပုံနဲ့ လုံးဝ ခြေကျနေပြီဖြစ်တဲ့ မာရက်ဇ်တို့ကြောင့် တိုက်စစ်ကို ပုံဖော်ရာမှာ ဒီဘရိုင်းနားတစ်ယောက်တည်း ရုန်းကန်နေခဲ့ရပြီး စီးတီးကွင်းလယ်ကလည်း မကြာခဏ ဘောလုံး အပျက်များနေခဲ့သလို ခံစစ်နဲ့ ဂိုးသမား အီဒါဆန်တို့ကို လီဗာပူးလ်တိုက်စစ်ရှေ့မှာ ရုန်းကန်စေခဲ့ရတာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ လီဗာပူးလ်တို့ ဂိုးစတင်ရရှိခဲ့ပြီး ကွင်းလယ်ကနေ သီယာဂိုက ညာတောင်ပံကို လှမ်းမ,ပေးတဲ့ ဘောလုံးကို ဆာလားက တစ်ချက်ထိန်းပြီး အတွင်းကို ပြန်ချပေးခဲ့ရာမှာ လွတ်နေတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က အဝေးတိုင်ဘက်ကို လှမ်းကန်ခဲ့လို့ မန်စီးတီးဂိုးသမား အီဒါဆန် အငိုက်မိခဲ့ပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

မန်စီးတီးတို့ရဲ့ အခွင့်အရေး ဖန်တီးမှုတွေက အပိုင်မျိုး မရတာနဲ့ ဟားလန်းတစ်ယောက် အဆုံးသတ်ဖို့အတွက် ပရီးမီးယားလိဂ်မှာ အချိန်ရတာ ပိုပြီး တိုတောင်းတယ်ဆိုတာကို အသားကျဖို့ လိုနေခဲ့တာတွေက လီဗာပူးလ်တို့ကို ဂိုးပြန်သွင်းဖို့ ခက်စေခဲ့ပြီး ဂွါဒီယိုလာရဲ့ အသင်းဟာ မြင်နေကျ အသင်းနဲ့တော့ တော်တော်လေး မတူဘဲ ပုံပျက်သလိုဖြစ်နေခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး တစ်မိနစ်အတွင်းမှာပဲ ရိုဒရီရဲ့ အမြော်အမြင်ရှိတဲ့ ပေးပို့မှုကနေ မာရက်ဇ် ကန်ခွင့်ရပေမယ့် ဂိုးသမား အက်ဒရီယန်တည့်တည့်ပဲ ရောက်ခဲ့သလို ဒီနောက်ပိုင်းမှာတော့ ပွဲကို လီဗာပူးလ်တို့ပဲ ပြန်လည်စိုးမိုးထားခဲ့တာကြောင့် ဂွါဒီယိုလာက အပြောင်းအလဲ စလုပ်ခဲ့ပြီး သုံးမရတဲ့ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့အစား ဖိုဒန်နဲ့ လူသစ် အဲလ်ဗာရက်ဇ်တို့ကို ထည့်သွင်းခဲ့ချိန်မှာ ကလော့ပ်ကတော့ ဖာမီနိုအစား ဒါဝင် နူးညက်ဇ်ကို ထည့်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ မန်စီးတီးတို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဒီဘရိုင်းနား တင်ပေးတာကို ဖိုဒန် ပိတ်သွင်းခဲ့ရာမှာ ဂိုးသမား အက်ဒရီယန် နှစ်ဆင့်ကာကွယ်ခဲ့ပေမယ့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို စီးတီးတို့နဲ့ ဒီနေ့ပွဲမှာ ပထမဆုံး ကစားခွင့်ရတဲ့ အဲလ်ဗာရက်ဇ်က ပိတ်သွင်းပြီး လူသစ်ချင်း ဟားလန်းထက် နှာတစ်ဖျား အသာစီးရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ စီးတီးဘက်က ဒီဘရိုင်းနားအစား ဂွန်ဒိုးဝမ် ဝင်ကစားခဲ့သလို လီဗာပူးလ်တို့ဘက်က အလက်ဇန်းဒါး-အာနိုးလ်ဒ်အစား မီလ်နာနဲ့ ဟန်ဒါဆန်အစား အဲလီးယော့တို့ ဝင်လာခဲ့ကြပြီး ပွဲချိန် မိနစ် ၈၀ မှာတော့ ညာခြမ်းက ဆာလားတင်ပေးတာကို နူးညက်ဇ် အပိုင်ခေါင်းတိုက်ခွင့် ရခဲ့ရာမှာ ဂိုးဆီသွားတဲ့ ဘောလုံးကို ရူဘင် ဒီယက်စ် လက်နဲ့ ပုတ်သလိုဖြစ်ခဲ့လို့ အဝါကတ်နဲ့ ပင်နယ်တီ ပေးခဲ့ရပါတယ်။

VAR ပြန်ကြည့်နေခဲ့ရလို့ နှစ်မိနစ်လောက် အချိန်ကုန်သွားခဲ့အပြီးမှာ ဒီပင်နယ်တီအခွင့်အရေးကိုတော့ ပွဲချိန် ၈၃ မှာ ပင်တိုင်ကန်သွင်းနေကျ မိုဟာမက် ဆာလားကပဲ ကန်ခဲ့ပြီး ဂိုးသမား အီဒါဆန်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို အပြင်းကန်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာလည်း ကွင်းလယ်ပိုင်းမှာ အသာစီးရနေတဲ့ လီဗာပူးလ်တို့ပဲ ဖိကစားခဲ့ပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ပွဲချိန် ၈၈ မိနစ်မှာ မန်စီးတီးကွင်းလယ်ကနေ ဘောလုံးလုယူခဲ့တဲ့ ရောဘတ်ဆန်က ညာခြမ်းကို ချိုးပေးရင် ဆာလားရဲ့ ဂိုးဖြစ်နိုင်တဲ့ အခိုက်အတန့်ကို ကိုယ်တိုင် ကန်သွင်းခဲ့တာက ဘားကျော်သွားခဲ့လို့ အီဂျစ်တိုက်စစ်မှူး ဒေါသထွက်ခဲ့ရပြီး မိနစ် ၉၀ အပြည့်မှာ ရလဒ်မပြောင်းဘဲဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ထပ်မံတိုက်စစ်ဆင်ခဲ့ပြီး ညာခြမ်းက ဆာလားရဲ့ ဖြတ်တင်ဘောကို ဘယ်နောက်ခံလူ ရောဘတ်ဆန် ခေါင်းတိုက်ချပေးခဲ့ရမှာ ဒါဝင် နူးညက်ဇ်က အနီးကပ် ထပ်ဆင့်ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ တတိယဂိုး ရရှိခဲ့ပြီး ချေပဂိုးရဖို့ ကြိုးစားနေခဲ့တဲ့ မန်စီးတီးတို့ကို မျှော်လင့်ချက်မဲ့စေခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အက်ဖ်အေဖလားချန်ပီယံ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး ရာသီဖွင့် ကန့်လန့်ကာတင်ပွဲ ကွန်မြူနတီဒိုင်းကို ရယူသွားခဲ့သလို ဂျင်းလို့ လှောင်ပြောင်ခံနေရတဲ့ နူးညက်ဇ်ကတော့ ပြိုင်ဘက် ဟားလန်းထက် အကျိုးပြုနိုင်သူလို့ ဒီနေ့ပွဲမှာ ပြသသွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။