Premier League,  ဘောလုံးသတင်း

မန်ယူနိုက်တက်ရဲ့ အခြေအနေကို မြင်ပြီး လေသံပြောင်းသွားတဲ့ ထိပ်တန်းပစ်မှတ်

အိုင်းယက်စ်ကြယ်ပွင့်တောင်ပံကစားသမား အန်တိုနီဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ဘူးလို့ မငြင်းပယ်ခဲ့ပေမယ့်လည်း ဒတ်ချ်ကလပ်နဲ့ ပျော်ရွှင်နေပြီး ပရီးမီးယားလိဂ်ကို ပြောင်းဖို့ အာရုံမစိုက်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်တိုနီဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းတိုက်စစ်ပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း အိုင်းယက်စ်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးက ယူနိုက်တက်အတွက် ပြဿနာဖြစ်နေတာဖြစ်ပါတယ်။

အစပိုင်းတုန်းက အိုင်းယက်စ်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမားအတွက် ပေါင် ၆၈ သန်းဝန်းကျင်လိုချင်ခဲ့ပေမယ့်လည်း ယခုနွေရာသီမှာ နောက်ထပ် အဓိကကစားသမားတစ်ဦးကို အဆုံးရှုံးမခံချင်တော့တာကြောင့် ပြောင်းရွှေ့ကြေးကို ပေါင် ၈၄ သန်းအထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘရာဇီးလ်တောင်ပံကစားသမားအတွက် အဲဒီလောက်ပမာဏကို သုံးစွဲသွားလိုတဲ့ဆန္ဒမရှိပေမယ့်လည်း ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ်တို့ကို ရှုံးနိမ်ခဲ့ပြီးနောက် မဖြစ်မနေ သုံးစွဲသွားရတော့မယ့်အနေအထား ဖြစ်လာဖွယ်ရှိပါတယ်။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုအကြောင်း မေးမြန်းခဲ့ချိန်မှာ ကောလာဟလတွေကို အဆုံးမသတ်ခဲ့တာသေချာပြီး မယုတ်မလွန်သာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“တန်ဟက်က ကျွန်တော့်ကို ခေါ်မှာလားဆိုရင် မသိပါဘူး။ သူ ကျွန်တော့်ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးရမှာပါ။ ကျွန်တော်ကတော့ ဒီမှာပဲ အာရုံစိုက်ထားတယ်။ ဘာတွေ ရောက်လာမလဲဆိုတာကို ကျွန်တော်တို့ မြင်ရမှာပါ။ ကျွန်တော် အိုင်းယက်စ်မှာ ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ကျွန်တော် ဒီအသင်းအတွက် အရာအားလုံးပေးထားတယ်။ မိနစ်တိုင်းပဲ။ အဲဒီတော့ ကျွန်တော် ဒီမြို့နဲ့ ဒီကလပ်ကို ချစ်မြတ်နိုးပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းဟာ တနင်္ဂနွေနေ့ညနေက အမ်စတာဒမ်မှာ ဂရိုနင်ဂန်ကို ၆-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ပျော်ရွှင်စရာ ညနေခင်းကို ဖြတ်သန်းခဲ့တာဖြစ်ပြီး အန်တိုနီက ဒတ်ချ်ချန်ပီယံတွေအတွက် အမှတ်ရစရာ ဒုတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။