Laliga,  ဘောလုံးသတင်း

အိမ်ကွင်းမှာ သရေကျပြီး ဘာစီလိုနာအောက် ဆင်းပေးလိုက်ရတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လူနင်၊ ခံစစ်မှာ ရူဒီဂါ၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ တိုနီ ခရူးစ်၊ ဒါနီ စီဘာယော့စ်တို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘင်ဇီးမား၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အိုဆာဆူနာတို့ကတော့ ဂိုးသမား ဆာဂျီယို ဟာရဲရား၊ ခံစစ်မှာ အူနိုင်း ဂါစီယာ၊ ဒေးဗစ် ဂါစီယာ၊ နာချို ဗီဒဲလ်နဲ့ ဟွမ် ခရုဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူးကပ်စ် တိုရို၊ မွန်ကာယိုလာ၊ ဘရာရှာနက်ခ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အက်ဘ်ဒီ၊ ကီကေး ဂါစီယာနဲ့ မွာဂိုမက်ဇ်တို့ကို ကစားစေခဲ့တာပါ။

ကစားကွက် စမ်းတဲ့ နည်းပြ အန်ချယ်လော့တီအနေနဲ့ ဒီပွဲက သိပ်တော့ အဆင်ပြေမနေခဲ့ဘဲ ဒဏ်ရာက ပြန်လာတဲ့ ဘင်ဇီးမားကလည်း ပုံမှန် ခြေစွမ်းကို ပြန်မရောက်သေးတာကြောင့် ရုန်းကန်နေခဲ့ရသလို အိုဆာဆူနာတို့ရဲ့ ကောင်တာတွေမှာလည်း ရီးရဲလ်နောက်တန်းနဲ့ ဂိုးသမားတို့ အလုပ်ရှုပ်နေခဲ့ရပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ရီးရဲလ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ညာထောင့်ကန်ဘောကနေ အတိုပေးရင်း ဂိုးရှေ့ကန်တင်ဖို့ အပေါက်ရှာမရလို့ ဘယ်ခြမ်းအထိ တစ်ယောက်ပြီး တစ်ယောက် လူပေးခဲ့ရချိန်မှာ အလာဘာပေးတဲ့ ဘောလုံးကို ဗီနီးရှပ်စ်က ဘယ်ခြမ်းကနေ ဖြတ်တင်ခဲ့ရာမှာတော့ ခံစစ်က လူကျွံဘောဖမ်းချိန်မှာ အားလုံးတန့်သွားခဲ့ကြပြီး ဘယ်သူနဲ့မှ မထိဘဲ ဂိုးထဲ ဝင်လာတာကို ဂိုးသမား ဟာရဲရား ကြောင်ပြီး မကာကွယ်လိုက်နိုင်တာပါ။

ပထမပိုင်းမှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းပြန်စလို့ ပွဲချိန် မိနစ် ၅၀ မှာတော့ ချေပဂိုး ပြန်ပေးခဲ့ရသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ အူနိုင်း ဂါစီယာ ဖြတ်တင်ပေးတာကို ကီကေး ဂါစီယာက ဧရိယာထဲကနေ နောက်ပြန်ခေါင်းတိုက်ခဲ့ရာမှာ ဂိုးသမား လူနင်ကို ကျော်ပြီး ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ရီးရဲလ်တို့အနေနဲ့ အလုပ်မဖြစ်တဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့ အန်ချယ်လော့တီက ချွာမင်နီနဲ့ စီဘာယော့စ်တို့အစား ဗယ်လ်ဗာဒီနဲ့ ကာမာဗင်ဂါတို့ကို ထည့်သွင်းခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာတော့ အဆန်စီယိုကိုပါ တိုနီ ခရူးစ်အစား ထပ်ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ကာမာဗင်ဂါရဲ့ ကွင်းလယ်က အဝေးဘော ပေးပို့မှုကို ထိန်းသိမ်းပြီး အဆုံးသတ်ဖို့ ကြိုးစားတဲ့ ဘင်ဇီးမားကို တစ်ဖက် နောက်ခံလူ ဒေးဗစ် ဂါစီယာက နောက်ကနေ တွန်းလှဲသလိုဖြစ်ခဲ့လို့ ဒိုင်လူကြီးကတော့ တိုက်ရိုက်အနီကတ်နဲ့ ပင်နယ်တီပေးခဲ့ပြီး ဒီပင်နယ်တီကို ဘင်ဇီးမား ကိုယ်တိုင်ကန်ရာမှာ ဘားထိပြီး ထွက်သွားခဲ့လို့ ရီးရဲလ်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ ဘင်ဇီးမား ဂိုးသွင်းပေမယ့် လူကျွံနေခဲ့သလို လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြလို့ ပွဲချိန်အပြည့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ အိုဆာဆူနာတို့ တစ်ဂိုးစီသရေကျခဲ့ပြီး အိမ်ရှင်တွေအတွက်တော့ ကြီးမားတဲ့ ခြေချော်မှုတစ်ခု ဖြစ်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်တို့ရဲ့ ရာနှုန်းပြည့်နိုင်ပွဲစံချိန် ရပ်တန့်သွားခဲ့ရသလို ၇ ပွဲကစားအပြီးမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၁၉ မှတ်သာ စုဆောင်းနိုင်တော့ချိန်မှာ ရဂိုး ၁၈ ဂိုး၊ ပေးဂိုး ၇ ဂိုးနဲ့ ဂိုးကွာခြားချက် ၁၁ ဂိုးသာ ရှိခဲ့လို့ အမှတ်တူနေခဲ့တဲ့ ဘာစီလိုနာတို့က ဂိုးကွာခြားချက် ၁၈ ဂိုးကို ပိုင်ဆိုင်ထားတာကြောင့် ဇယားထိပ်က တော်ဝင်မြို့သားတွေ ဒုတိယနေရာကို ဆင်းပေးလိုက်ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။