Premier League,  ဘောလုံးသတင်း

မနှစ်က မန်ယူကိုရှုံးခဲ့တာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီဟာ ယနေ့ညနေ အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့အသင်းအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

ရော်နယ်လ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ မတ်လမှာ စပါးစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုးဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ စပါးစ်နဲ့မန်ယူတိုက်စစ်မှူးဟောင်း တက်ဒီ ရှယ်ရင်ဟမ်ပြီးရင် ပရီးမီးယားလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယမြောက် အသက်အကြီးဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

စပါးစ်နည်းပြ ကွန်တီဟာ အဲဒီပွဲစဉ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်ရည်ကို မမေ့လျော့သေးဘဲ ၎င်းတို့အသင်းအနေနဲ့ မန်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ ရော်နယ်လ်ဒိုကိုသာ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်ကနေ အသင်းကို ပြန်လည်ပြောင်းရွှေ့လာပြီးနောက်ပိုင်း ရော်နယ်လ်ဒိုရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့တာဖြစ်ပြီး အရင်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းကို ဘယ်သူမှ မမျှော်လင့်ထားချိန်မှာ အောင်မြင်မှုတွေဆီ ဘယ်လို ဆွဲခေါ်နိုင်ခဲ့လဲဆိုတာကို ပြန်လည်ပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီ အမှတ်ရစရာအခိုက်အတန့်တွေဟာ ယခုရာသီမှာ နည်းပါးလာခဲ့ပြီး အထူးသဖြင့် နည်းပြ တန်ဟက်ဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်ကို အရန်ခုံကို ပို့ထားခဲ့တာဖြစ်ပါတယ်။

မယုံနိုင်စရာကောင်းစွာနဲ့ပဲ ရော်နယ်လ်ဒိုဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ မတ်လတုန်းက ပွဲစဉ်တစ်ပွဲတည်းမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ယခုရာသီ ၁၂ ပွဲအထိ ပါဝင်ကစားပေးထားချိန်မှာ သွင်းယူထားတဲ့ သွင်းဂိုးထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြိုင်ပွဲစုံမှာ ၂ ဂိုး သွင်းယူထားခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှီရစ် တီရာစပေါ်၊ ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ကိန်းဂဏန်းတွေက သိပ်ပြီးတော့ အထင်ကြီးစရာကောင်းမနေပေမယ့်လည်း ကွန်တီက ကစားသမားဘဝတလျှောက်လုံး ၎င်းရဲ့အသင်းကို ဒုက္ခပေးခဲ့ဖူးတဲ့ ပေါ်တူဂီကြယ်ပွင့်ကို ရပ်တန့်ဖို့နည်းလမ်းကို အစီအစဉ်ဆွဲသွားမှာဖြစ်ပါတယ်။

အများစုက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အကျိုးသက်ရောက်မှုကို လျှော့တွက်နေကြတဲ့အချိန်မှာ ကွန်တီကတော့ ဘလွန်ဒေါ ၅ ဆုရှင်ဟာ စပါးစ်ရဲ့ ဆုဖလားရည်မှန်းချက်ကို အနှောင့်အယှက်ပေးနိုင်တဲ့ လက်နက်အဖြစ် ရှိနေဆဲလို့ သိရှိနေတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရာသီမှာ သူ ကျွန်တော်တို့ကို ဟက်ထရစ်သွင်းယူခဲ့တယ်။ ကျွန်တော်တို့ မယုံနိုင်စရာကစားသမား၊ ထိပ်တန်းကစားသမားအကြောင်း ပြောနေတာပါ။ ကျွန်တော်တို့က သူ ကစားတဲ့အသင်းအတွက် ကွဲပြားခြားနားမှုတွေကို ဆက်လက်လုပ်ဆောင်ပေးနေတဲ့ ကစားသမားအကြောင်းကို ပြောနေတာပါ။ ကျွန်တော် ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက်၊ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုအတွက် အများကြီးလေးစားမှု ရှိပါတယ်”

“ဒါပေမယ့် သူ ပြီးခဲ့တဲ့ရာသီတုန်းကလို ကျွန်တော်တို့ကို ၃ ဂိုးသွင်းယူခဲ့တုန်းကလိုမဟုတ်ဘဲ အေးအေးဆေးဆေးပဲ ဆက်ရှိနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီမှာ မန်ယူနိုက်တက်ကို ရှုံးခဲ့တာမဟုတ်ဘူး။ သူ့ကို ရှုံးခဲ့တာပါ။ ကျွန်တော် အဲဒါကို အရမ်းကောင်းကောင်း မှတ်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရမ်းကောင်းတဲ့ပွဲကို ကစားခဲ့တာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။