Serie A,  ဘောလုံးသတင်း

ပွဲပယ်ထိထားတဲ့ မော်ရင်ညိုရဲ့ ရိုးမားကို နောက်ဆုံးမိနစ်မှာ သရေကျခဲ့ရတဲ့ မီလန်

အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာတာရူဆာနူး၊ ခံစစ်မှာ တိုမိုရီ၊ ကာလူးလူး၊ ကာလာဘရီးယားနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ ဘင်နာဆာနဲ့ ဘရာဟင်မ် ဒီယက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆယ်လီမေကာစ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲပယ်ခံထားရတဲ့ မော်ရင်ညိုရဲ့ ရိုးမားအသင်းကတော့ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ စမောလင်း၊ အီဘာညက်ဇ်နဲ့ မန်ချီနီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ချယ်လိခ်၊ ဇာလက်ဗ်စကီး၊ ခရစ္စတန်တေနဲ့ ပယ်လီဂရီနီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဇာနျိုလို၊ ဒီဘားလားနဲ့ အေဘရာဟမ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

တိုနာလီနဲ့ ဘင်နာဆာတို့ ဦးဆောင်နေခဲ့တဲ့ အိမ်ရှင် မီလန်သားတွေရဲ့ ကွင်းလယ်ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုကို ရိုးမားတို့ ယှဉ်ကစားဖို့ မကြိုးစားခဲ့ဘဲ ခံစစ်ကို အားပြုဖို့ကိုပဲ ရွေးချယ်ခဲ့ရသလို ခရစ္စတန်တေနဲ့ ပယ်လီဂရီနီတို့ရဲ့ ကွင်းလယ်အထိုင်အနေနဲ့ ကောင်တာတွေကို ပံ့ပိုးဖို့ကိုလည်း သိပ်ပြီးတော့ မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာ ပုံစံကောင်းရနေတဲ့ အေစီမီလန်တို့ပဲ အဖွင့်ဂိုးကို စတင်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရာဟင်မ် ဒီယက်ဇ်ရဲ့ ကန်ချက်ကို ဂိုးသမား ပက်ထရီစီယို ပုတ်ထုတ်လို့ ရတဲ့ ညာထောင့်ကန်ဘောကနေ တိုနာလီ ကန်တင်ပေးရာမှာ နောက်ခံလူ ကာလူးလူးက ရိုးမားခံစစ်ကြားကနေ ဒိုက်ဗင်ထိုး ခေါင်းတိုက်သွင်းယူခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ ပွဲကို အေစီမီလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း သူတို့တွေပဲ ပွဲကို စိုးမိုးထားခဲ့တာကြောင့် ရိုးမားတို့အနေနဲ့ ခရစ္စတန်တေ၊ ဇာနျိုလိုတို့ ကွင်းလယ်အထိုင်ကို အတွဲလိုက် ဖြုတ်လဲပစ်ခဲ့ပြီး မန်ယူကနေ ပြောင်းလာတဲ့ မာတစ်ချ်နဲ့ တာဟီရိုဗစ်ချ်တို့ကို လူစားလဲခဲ့ရာမှာတော့ အပေါင်းလက္ခဏာ ပြန်ဆောင်လာခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၇ မိနစ်မှာ အေစီမီလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဗရန့်ခ်စ်ရဲ့ ပေးပို့မှုကို ရာဖေးလ် လီယာအိုက ဘယ်ခြမ်းကနေ ဆွဲပြေးပြီး ဧရိယာထဲကို ခင်းပေးရာမှာ လူစားဝင်ကွင်းလယ်လူ ပိုဘီဂါက အနိမ့်ဘောကန်သွင်းပြီး ဂိုးသမား ပက်ထရီစီယိုကို အနိုင်ယူသွားခဲ့တာပါ။

ရိုးမားတို့အနေနဲ့ နှစ်ဂိုးရှုံးနိမ့်နေခဲ့ချိန်မှာတော့ တိုက်စစ်ကို ပြင်ဆင်လာခဲ့ပြီး ညာတောင်ပံက ချယ်လိခ်အစား အယ်လ်ရှာရာဝီနဲ့ နောက်ခံလူ မန်ချီနီအစား ဘယ်လော့တီတို့ကို ထည့်ပြီး ၄-၃-၃ ပြောင်းကစားလာခဲ့သလို အေစီမီလန်တို့ကတော့ ခံစစ်ကို သေသေချာချာ ပြင်ဆင်ခဲ့ခြင်း မရှိခဲ့လို့ ပွဲက ပြီးခါနီးမှာ ဧည့်သည်တွေ ပြန်သာလာခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ရိုးမားတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် ပယ်လီဂရီနီက ကန်တင်ပေးရာမှာ အေစီမီလန်နောက်ခံလူတွေကြားက အမြင့်ဆုံးခုန်နိုင်ခဲ့တဲ့ အီဘာညက်ဇ်က ခေါင်းတိုက်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့ရာမှာ အိမ်ရှင်ဂိုးသမား တာတာရူဆာနူး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ သရေကျစေမယ့် ဒုတိယချေပဂိုးကို ရိုးမားတို့ ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ပယ်လီဂရီနီပဲ ကန်တင်ပေးရာမှာ ဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရတဲ့ မာတစ်ချ်ရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် အေဘရာဟမ်က ထပ်ဆင့်ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ အမှတ်ခွဲပေးဖို့ဖြစ်လာခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဒုတိယနေရာက အေစီမီလန်တို့ သရေတစ်မှတ်နဲ့ စိတ်ပျက်ခဲ့ရပြီး ဗျူဟာအလှည့်အပြောင်းတွေမှာ နောက်ကနေ မဆုတ်မနစ် ကြိုးစားပြီး နှစ်ဂိုးလိုက်သွင်းနိုင်ခဲ့တဲ့ မော်ရင်ညိုရဲ့ ရိုးမားတို့ကတော့ စိတ်ဓာတ်ကောင်းနဲ့ အမှတ်ခွဲယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နဲ့ သုံးမှတ်အကွာ အဆင့် ၆ မှာ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။