Premier League,  ဘောလုံးသတင်း

အလှူတော်မင်္ဂလာ လိုရစ်ရဲ့ စပါးစ်ကို ဒုတိယပိုင်းမှာ ဂိုးမိုးရွာပြီး အနိုင်ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ အာကန်ဂျီ၊ ရီကို လူးဝစ္စနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် တော့တင်ဟမ် ဟော့စပါးတို့ကတော့ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ ဒေးဗီးစ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်နဲ့ ပါရီရှစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစကတည်းက စီးတီးတို့ ဘောလုံးကိုင်ကစားပေမယ့် အလုပ်ဖြစ်မှု နည်းခဲ့သလို ဟားလန်းဆီကိုလည်း အကြိုက်တွေ မပေးနိုင်ခဲ့ဘဲဖြစ်နေခဲ့ပြီး အယ်လ်ဗာရက်ဇ်ကလည်း ဖန်တီးနိုင်မှု နည်းခဲ့သလို စပါးစ်တို့ကတော့ သူတို့ရဲ့ ကောင်တာနဲ့ ပြန်သွားတဲ့ ပုံစံကိုပဲ အားပြုခဲ့ပေမယ့် ဟာရီကိန်းနဲ့ ဆွန်တို့ရဲ့ အတွဲအဖက်တွေက ပုံစံကောင်းမရဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ဆွန်ဟောင်မင်က အီဒါဆန်တည့်တည့်ကို ခပ်ပျော့ပျော့ပဲ ခေါင်းတိုက်သွားခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ ရီကို လူးဝစ္စရဲ့ ဧရိယာထိပ်က ကန်ချက်ကို လိုရစ် ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ခဲ့တဲ့ ဟားလန်းရဲ့ အထိန်းအသိမ်းက အနည်းငယ် အရှိန်လွန်သွားခဲ့လို့ ကန်သွင်းရာမှာ ဂိုးသမားနဲ့ပဲ ထိထွက်သွားခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ မထင်မှတ်တဲ့ အနေအထားကနေ စပါးစ်တို့ အဖွင့်ဂိုးရသွားခဲ့ပြီး ဒီဂိုးကိုတော့ အီဒါဆန်ရဲ့ အန္တရာယ်များတဲ့ ပေးပို့မှုကနေ ရိုဒရီနဲ့ ဘင်တန်ကာတို့ ဘောလုံးယှဉ်လုရင်း ပြန်ထွက်လာတဲ့ ဘောလုံးကို ကူလူရှက်ဗ်စကီးက ဧရိယာထိပ်ကနေ သွေးအေးအေးနဲ့ အနိမ့်ဘောကန်သွင်းပြီး မန်စီးတီးတို့ကို ထိုးနှက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာ စပါးစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ထိုးဖောက်လာခဲ့တဲ့ ဟာရီကိန်းက ရိုဒရီကို ကျော်ဖြတ်ပြီး ထောင့်ကျဉ်းအနေအထားက ကန်သွင်းခဲ့ရာမှာ အီဒါဆန် ပုတ်ထုတ်လို့ ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်က ပါလာတဲ့ ရိုယဲလ်က မနားတမ်း ခေါင်းတိုက်သွင်းပြီး ပထမပိုင်းမှာ ဧည့်သည်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်အပြီးမှာတော့ ဂွါဒီယိုလာ ဘာတွေ မှာလွှတ်လိုက်မှန်း မသိတဲ့ မန်စီးတီးတို့ ကစားပုံက တည်ငြိမ်သွားခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့သလို ညာခြမ်းကနေ မာရက်ဇ် ဖြတ်တင်ပေးရာကနေ ခံစစ်က ရှင်းထုတ်တာ မပီပြင်ခဲ့တဲ့ ဘောလုံးကို ထိအောင် မပုတ်နိုင်ဘဲ လွဲချော်ခဲ့တဲ့ လိုရစ်ရဲ့ အမှားကနေ အနားမှာ ရှိနေတဲ့ အယ်လ်ဗာရက်ဇ်က ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တစ်ဂိုးပြန်ရလို့ စိတ်ဓာတ်တက်သွားခဲ့တဲ့ မန်စီးတီးတို့ ဆက်တိုက်ဆိုသလိုပဲ သရေကျစေမယ့် ဒုတိယဂိုးကို ပွဲချိန် ၅၃ မိနစ်မှာ ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ရိုဒရီက ဧရိယာထဲကို လှမ်းမ,ပေးရာမှာ ညာခြမ်းကနေ ပြေးဝင်သွားခဲ့တဲ့ မာရက်ဇ်က ဂိုးရှေ့ကို ခေါင်းဖြတ်တိုက်ပြီး တင်ပေးရာမှာ ဟားလန်းက စပါးစ်ခံစစ်ကြားက ကွက်တိပြေးဝင်ပြီး ထပ်ဆင့်ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာ တစ်ဂိုးပေးရအပြီးမှာ စိတ်လှုပ်ရှားသွားတဲ့ မန်စီးတီးတို့ သုံးမိနစ်အတွင်း နှစ်ကြိမ်ဆက်တိုက်ထိုးနှက်ခံရသလိုမျိုးပဲ ဒုတိယပိုင်းမှာ မန်စီးတီးတို့ကလည်း သုံးမိနစ်အတွင်းမှာ နှစ်ဂိုးပြန်ရခဲ့တာဖြစ်ပြီး စပါးစ်ခံစစ်ကတော့ တဖြည်းဖြည်းနဲ့ စုဖွဲ့မှု ပျက်ပြားခဲ့သလို ဒီနေ့မှာ ခြေစွမ်းပျက်နေတဲ့ ဒေးဗီးစ်နဲ့ ပါရီရှစ်ချ်တို့ရဲ့ ဘယ်ခြမ်းကတော့ မာရက်ဇ်ရဲ့ ရေတွင်းတူးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ မာရက်ဇ်ရဲ့ တစ်ကိုယ်တော် ကန်ချက်က တိုင်ဘေးကပ်ထွက်သွားခဲ့သလို ပွဲချိန်မိနစ် ၆၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ရသွားတဲ့ ကူလူရှက်ဗ်စကီးက ဆွန်ဟောင်မင် မျှားခေါ်တဲ့နောက်ကို ပါသွားတဲ့ စီးတီးခံစစ်နောက် နေရာလွတ်ကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အလွတ်ကြီး ကန်ခွင့်ရတာကို ပါရီရှစ်ချ်က နောက်ခံလူ ရီကို လူးဝစ္စတည့်တည့်ကို ကန်ပြီး ဘောလုံးက ဘားထိထွက်သွားခဲ့လို့ စပါးစ်တို့ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ သွင်းဂိုးနဲ့ Come Back နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရိုဒရီက ညာခြမ်းကို ဖြတ်တင်ပေးရာမှာ ခံစစ်မှာ မစောင့်ဘဲ ဆရာကြီးလိုလိုနဲ့ အတင်းပြေးဝင်ပြီး လုဖို့ ကြိုးစားတဲ့ ပါရီရှစ်ချ်က သေချာမထိလိုက်ဘဲ ချော်ထွက်သွားလို့ လွတ်သွားခဲ့တာကို မာရက်ဇ်က တောင်ပံတောက်လျှောက်ဆွဲပြေးပြီး ထောင့်ကျဉ်းအနေအထားက ကန်သွင်းခဲ့ရာမှာ လိုရစ်ရဲ့ ပေါ့ဆမှုကြောင့် တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

အနိုင်ကနေ ပြန်ရှုံးသွားခဲ့အပြီးမှာ စပါးစ်တို့အနေနဲ့ ပါရီရှစ်ချ်၊ ဘင်တန်ကာ၊ ရိုယဲလ်နဲ့ ဒေးဗီးစ်တို့အစား ဆက်ဆီညွန်၊ ရစ်ချာလစ်ဆန်၊ ဘီဆူးမားနဲ့ လွန်ဂလေတို့ကို ထည့်သွင်းကစားခဲ့ပြီး ရစ်ချာလစ်ဆန်နဲ့ ဆက်ဆီညွန်တို့ကို သုံးခဲ့တာ မှန်ပေမယ့် တိုက်စစ်ကို အကျိုးမပြုနိုင်တဲ့ ဘီဆူးမားနဲ့ လွန်ဂလေတို့ကို ထည့်ခဲ့တာကတော့ နည်းပြ ကွန်တီရဲ့ နားလည်ဖို့ ခက်တဲ့ လုပ်ရပ်လည်းဖြစ်ခဲ့တာပါ။

စပါးစ်တို့ရဲ့ လူစားလဲမှုတွေက တကယ်တမ်းမှာတော့ ဂိုးပြန်ရဖို့ တစ်ခုမှ အကျိုးမပြုခဲ့သလို ညာနောက်ခံလူ မရှိတော့တဲ့ တောင်ပံကလည်း ဟန်ချက်ပျက်ပြီး ကူလူရှက်ဗ်စကီးနဲ့ ရစ်ချာလစ်ဆန်တို့ နှစ်ယောက် ဘာမှ မလုပ်တတ်ခဲ့ဘဲဖြစ်ခဲ့ရပြီး မြောက်လန်ဒန်ဒါဘီမှာ လူမိုက်လိုလိုနဲ့ ပွဲရှာခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးကြောင့် လက်ထိဘောကနေ ပင်နယ်တီပေးရဖို့တောင် နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဂိုးသမား အီဒါဆန် ကန်တင်လိုက်တာကို ကွန်တီရဲ့ လူစားလဲမှုတစ်ခုဖြစ်တဲ့ နောက်ခံလူ လွန်ဂလေရဲ့ စိတ်ပျက်စရာ ထိန်းသိမ်းပုံက လွတ်ထွက်သွားခဲ့တဲ့ ဘောလုံးကို မာရက်ဇ်က လိုက်လံရယူပြီး ဂိုးသမား လိုရစ်နဲ့ တစ်ဦးချင်းအတွေ့မှာ အသာလေး ကျော်သွင်းနိုင်ခဲ့လို့ ပွဲသိမ်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်စီးတီးတို့ ပထမပိုင်း နှစ်ဂိုးအရှုံးကို ဒုတိယပိုင်းသွင်းဂိုး လေးဂိုးနဲ့ ပြန်လာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီအရှုံးကို တုံ့ပြန်နိုင်ခဲ့ကြသလို ထိပ်ဆုံးက အာဆင်နယ်တို့အနေနဲ့ လျှော့မတွက်ဖို့နဲ့ တစ်ကွက်မှားတာနဲ့ ပြန်လိုက်မီဖို့ လုပ်နိုင်ကြောင်း အစွယ်ထုတ်ပြသွားခဲ့ပြီး ရွာစား စိန်ကွမ်းသီးရဲ့ စပါးအလှူတော် တော့တင်ဟမ် မင်္ဂလာဆိုင်းအဖွဲ့ကတော့ ရှုံးပွဲဆက်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။