Premier League,  ဘောလုံးသတင်း

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်သွားခဲ့တဲ့ ဟားလန်းရဲ့ စံချိန်သစ်

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး သုံးဂိုးစလုံးကို ဒိုင်ခံပြီး ဟက်ထရစ်သွင်းယူပေးခဲ့သလို စံချိန်သစ်တွေကိုလည်း ပိုင်ဆိုင်သွားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

နော်ဝေတိုက်စစ်မှူးအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၁၉ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၂၅ ဂိုး ရှိလာခဲ့တာဖြစ်ပြီး သူ့အတွက် စတုတ္ထအကြိမ်မြောက် ဟက်ထရစ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့သလို မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ သုံးကြိမ်သာ ရရှိထားတဲ့ မှတ်တမ်းကို ရာသီဝက် ၁၉ ပွဲတည်းနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့တာပါ။

ဟားလန်းအနေနဲ့ မြို့ခံအသင်းရဲ့ နောက်ထပ် မှတ်တမ်းဟောင်းတစ်ခုဖြစ်တဲ့ ဟက်ထရစ် လေးကြိမ်သွင်းဖို့ အချိန်ယူခဲ့ရတဲ့ ပွဲမှတ်တမ်းကိုလည်း အနည်းဆုံးနဲ့ ကျော်ဖြတ်သွားနိုင်ပြီး လက်ရှိ ပီအက်စ်ဗီနည်းပြ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းရဲ့ ၆၅ ပွဲ စံချိန်ကို လေးပုံတစ်ပုံဝန်းကျင်သာ ရှိတဲ့ ၁၉ ပွဲနဲ့ ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဟက်ထရစ် လေးကြိမ်ကို ပွဲအနည်းဆုံးနဲ့ ရရှိခဲ့တဲ့ ဟားလန်းရဲ့နောက်မှာ ရောက်ရှိသွားခဲ့ကြသူတွေကတော့ မန်ယူရဲ့ ဗန်နစ္စတယ်လ်ရွိုင်း (၆၅ ပွဲ)၊ လီဗာပူးလ်ရဲ့ လူးဝစ် ဆွာရက်ဇ် (၈၁ ပွဲ)၊ ဘလက်ဘန်းရဲ့ အလန် ရှီးရား (၈၁ ပွဲ)နဲ့ လီဗာပူးလ်ရဲ့ ရော်ဘီ ဖောင်လာ (၈၉ ပွဲ)တို့ ဖြစ်ကြပါတယ်။

မန်စီးတီးတိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ အစ်တီဟတ်က စီနီယာဖြစ်တဲ့ ဆာဂျီယို အဂွေရိုရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုး ၂၅ ဂိုးရဖို့ အကြိမ် ၁၅၀ ကန်သွင်းခဲ့ရတဲ့ မှတ်တမ်းဟောင်းကိုလည်း ၇၄ ကြိမ်တည်းနဲ့ ချိုးဖျက်သွားနိုင်ခဲ့ပြီး သူ့ရဲ့ နောက်ထပ် လိုက်မီဖို့နဲ့ ချိုးဖျက်ရမယ့် စံချိန်ကတော့ ၁၉၉၅-၉၆ ရာသီမှာ အလန်ရှီးရားက ဘလက်ဘန်းနဲ့ တင်ရှိထားခဲ့တဲ့ တစ်ရာသီအတွင်း ဟက်ထရစ် ၅ ကြိမ် စံချိန်ကိုပဲ ပစ်မှတ်ထားရတော့မှာပါ။

ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဟက်ထရစ်ရှင် စာရင်းမှာ အဆင့် ၁၅ နေရာကို ၁၉ ပွဲနဲ့ တက်လှမ်းနိုင်ခဲ့ပြီး ဟက်ထရစ် မရတာ တစ်နှစ်ကျော်နေပြီဖြစ်တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့ တူညီသွားခဲ့သလို ၂၀၂၃ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး ဟက်ထရစ်ရှင်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ၂၅ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ ဟားလန်းအနေနဲ့ ပြီးခဲ့တဲ့ လေးရာသီက ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ဂိုးသွင်းမှတ်တမ်းတွေထက်လည်း သာလွန်သွားခဲ့ပြီဖြစ်သလို အနီးဆုံးနေရာက တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီကိန်းကိုလည်း ၁၀ ဂိုးဖြတ်ထားနိုင်ခဲ့တာကြောင့် နှစ်စဉ်ချီးမြှင့်တဲ့ ဒီဆုကိုလည်း ကြိုပေးထားရင် ကောင်းလိမ့်မယ်လို့ လူပြောများနေကြကြောင်းလည်း သိရှိရပါတယ်။