Ligue,  ဘောလုံးသတင်း

ပီအက်စ်ဂျီနဲ့ စာချုပ်ကိစ္စ အဆင်မပြေသေးဘဲ အသင်းက ထွက်ခွာနိုင်တဲ့ မက်ဆီ

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ သူ့ရဲ့ လက်ရှိနွေရာသီမှာ ကုန်ဆုံးမယ့် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ဖို့ ချီတုံချတုံဖြစ်နေခဲ့ပြီး ကာတာပိုင်ကလပ်ဘက်က ကမ်းလှမ်းမှုတွေကို ခေါင်းမညိတ်သေးဘဲ ရှိနေသလို အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကနေ ပါရီကို အလွတ်ပြောင်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုထားခဲ့သလို တစ်ပတ်လုပ်ခ ပေါင်တစ်သန်းရရှိနေတယ်လို့ဆိုပြီး ဥရောပရဲ့ ထိပ်တန်းလစာရရှိသူတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၁ ဂိုးသာ ရရှိခဲ့ပေမယ့် ပြင်သစ် လိဂန် ချန်ပီယံဆုကိုတော့ ကိုင်မြှောက်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာတော့ မအောင်မြင်ခဲ့ဘဲ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး လှည့်ပြန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပြပြီး ဥရောပ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်နေနိုင်တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့အပြီးမှာတော့ သူ့အတွက် အောင်မြင်မှုတွေအားလုံးကို ရယူဖူးသွားခဲ့ပြီးမို့ သိပ်ပြီး ကလပ်အသင်းအောင်မြင်မှုတွေကို ရယူဖို့ စိတ်မပါတော့ဘူးလို့ စောင့်ကြည့်သူတွေက ခန့်မှန်းခဲ့ကြပြီး ဒါကြောင့်ပဲ နွေရာသီမှာ ပီအက်စ်ဂျီမှာ ဆက်မနေတော့တာလည်း ဖြစ်လာနိုင်တယ်လို့ ဆိုနေကြတာပါ။

မက်ဆီကို အသင်းမှာ ဆက်နေမယ်ဆိုရင် ပီအက်စ်ဂျီဘက်က စာချုပ်သစ် ပေးအပ်သွားဖို့ အဆင်သင့်ရှိနေခဲ့ပေမယ့် ကာယကံရှင်ကတော့ သူ့ရဲ့ အနာဂတ်ကို ပြန်တွေးနေခဲ့သလို တခြားသော စိန်ခေါ်မှုတွေကိုလည်း လက်ခံလာနိုင်ပြီး ဘာမှ ရင်ခုန်စရာမရှိတဲ့ လယ်သမားလိဂ်ကနေ ထွက်ခွာဖို့ကို စဉ်းစားနေမယ်လို့ ခန့်မှန်းနေကြပါတယ်။

အာဂျင်တီးနားသား GOAT ကြီးအနေနဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်ဆိုရင် ဘဏ္ဏာရေးအခြေအနေ နည်းနည်းပြန်ထောင်ထလာတဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်လက်တွဲဖို့ ရေပန်းစားနေပြီး အသင်းဥက္ကဌ ဂျိုအန်း လာပေါ်တာကလည်း သူတို့ရဲ့ ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုနေတယ်လို့ သတင်းသန့်သန့် ထွက်နေတာပါ။

မက်ဆီအတွက် ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်ဟီလယ်လ်နဲ့ သူတို့ရဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆော်ဒီလိဂ်ရဲ့ ပုံရိပ်ကို မြင်မားလာစေဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနောက်မှာ နောက်ထပ် နာမည်ကြီး ကစားသမားအဖြစ် ခေါ်ယူချင်နေသလို အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီနဲ့ အသင်းတချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။