Laliga,  ဘောလုံးသတင်း

စိတ်ဓာတ်အင်အားချင်း ကွာခြားမှုနဲ့ တီကို,ကို အချိန်ပိုမှာ အနိုင်ယူခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ နာချို ဖာနန်ဒက်ဇ်၊ အယ်ဒါ မီလီတို၊ ရူဒီဂါနဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ ကာမာဗင်ဂါနဲ့ မိုဒရစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ဂိုးသမား အော့ဘ်လက်ခ်၊ ခံစစ်မှာ ဆာဗစ်ချ်၊ ဟာမိုဆို၊ မန်ဒါဗာနဲ့ မိုလီနာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကိုကီ၊ ဒီပေါလ်နဲ့ လီမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကော်ရီးယား၊ ဂရစ်ဇ်မန်းနဲ့ မိုရာတာတို့ကို ပွဲထွက်စေခဲ့တာပါ။

ပွဲစကတည်းက ဘောလုံးကိုင်ပြီး ဖိကစားခဲ့တဲ့ ရီးရဲလ်နဲ့ တန်ပြန်တိုက်စစ်ကို အားပြုခဲ့တဲ့ တီကိုတို့ ပွဲကို ချဉ်းကပ်ပုံနဲ့ စိတ်နေစိတ်ထားပိုင်းမှာ သိသိသာသာ ကွဲပြားခြားနားခဲ့ပြီး အိမ်ရှင်တွေက ကစားကွက်ကို ဦးစားပေးခဲ့ချိန်မှာ ဧည့်သည်တွေကတော့ တစ်ဖက်တိုက်စစ်ကို ခပ်ကြမ်းကြမ်း ရိုက်ချိုးပြီး ကောင်တာရှာဖို့ပဲ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ဆီမီယွန်နီရဲ့ လူတွေ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကိုကီရဲ့ ညာခြမ်းကို ထုတ်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ မိုလီနာက ဂိုးရှေ့ကို တိတိကျကျ ဖြတ်ပို့ပေးနိုင်ခဲ့တာကနေ တိုက်စစ်မှူး မိုရာတာက ရီးရဲလ်နောက်ခံလူတွေကြားက အချိန်ကိုက် ပြေးဝင်ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာ ရီးရဲလ်တို့ဘက်က တိုနီ ခရူးစ်ရဲ့ ဖရီးကစ်က အပိုင်အခွင့်အရေးကို မီလီတို ခေါင်းချော်တိုက်ခဲ့လို့ စိတ်ပျက်ခဲ့ရသလို ပွဲချိန် ၄၄ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ နောက်ခံလူ မန်ဒီအစား ထည့်သွင်းဖို့ ဘယ်နောက်ခံလူ အပိုမရှိတော့တာကြောင့် ဒါနီ စီဘာယော့စ်နဲ့လဲပြီး ကာမာဗင်ဂါကို ဘယ်နောက်ခံအဖြစ် ပြောင်းကစားခိုင်းခဲ့ရပါတယ်။

ပထမပိုင်းကို အက်သလက်တီကိုတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့ တောင်ပံတွေကနေ သွက်လက်စွာ ထိုးဖောက်နေခဲ့ကြတာကြောင့် တစ်ဖက်ကစားသမားတွေ အဝါထိများလာခဲ့သလို ဧည့်သည်တွေ ခံစစ်ကို အားပြုနေခဲ့ရပြီး ဘင်ဇီးမားရဲ့ အခွင့်အရေး တစ်ကြိမ်ကိုတော့ ဂိုးသမား အော့ဘ်လက်ခ်က သတိမလစ်ဘဲ ကာကွယ်သွားခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ တီကိုတို့ဘက်က မိုရာတာအစား ဗစ်ဆယ်လ်ကို ထည့်သွင်းခဲ့ရာမှာတော့ တိုက်စစ်အား လျော့ကျသွားခဲ့လို့ ရီးရဲလ်တို့ ပိုမိုဘောလုံးကိုင်လာနိုင်ခဲ့သလို ဗယ်လ်ဗာဒီအစား ရိုဒရီဂိုကို ထည့်သွင်းခဲ့ရာမှာတော့ ဂိုးသွင်းခွင့်တွေ ပိုရလာခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ ဂရစ်ဇ်မန်းရဲ့ ဖရီးကစ်က ကောင်းခဲ့ပေမယ့် ဂိုးသမား ကူတွာ ပုတ်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ ပွဲထဲမှာ ဆက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုတို့ဘက်က လီမာ၊ ကော်ရီးယား၊ ဒီပေါလ်၊ ကိုကီနဲ့ ဂရစ်ဇ်မန်းတို့အစား ကာရက်စ်ကို၊ ဒီပိုင်း၊ ကွန်ဒေါ့ဘီယာ၊ ဆာအူးလ် ညီးရက်ဇ်နဲ့ လူငယ်ကြယ်ပွင့်သစ် ပါဘလို ဘာရီယို့စ်တို့ကို လူစားလဲခဲ့သလို ရီးရဲလ်တို့ဘက်ကတော့ တိုနီ ခရူးစ်အစား တောင်ပံသမား အဆန်စီယိုကို ထည့်သွင်းခဲ့အပြီးမှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက အိမ်ရှင်တို့ဘက် ပြောင်းလဲလာခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ ရီးရဲလ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မိုဒရစ်ချ် ပေးတာကို ခြေလေးပြီး မဖျက်နိုင်တဲ့ အက်သလက်တီကို ကစားသမား သုံးယောက်လောက်ကို လိမ်ခေါက်ပြီး ဧရိယာထဲ ဝင်လာခဲ့တဲ့ ရိုဒရီက ဗီနီးရှပ်စ်ကြောင့် ခံစစ်သမားတွေ အာရုံများနေမှုကို အခွင့်ကောင်းယူပြီး ညာခြေနဲ့ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား အော့ဘ်လက်ခ် အငိုက်မိပြီး ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

မိနစ် ၉၀ အပြည့်မှာတော့ တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ကြရပြီး ၉၇ မိနစ်မှာတော့ ဗီနီးရှပ်စ်ကို ခပ်ကြမ်းကြမ်း ဖျက်တဲ့ ဆာဗစ်ချ်ကြောင့် နှစ်ယောက်ငြိပြီး တစ်ဝါစီ ထိခဲ့ကြသလို ဆက်ကစားပြီး နှစ်မိနစ်အကြာမှာတော့ ကာမာဗင်ဂါကို ဘောလုံးမထိဘဲ ခြေချိတ်မိခဲ့တဲ့ ဆာဗစ်ချ်က သုံးမိနစ်အတွင်းမှာပဲ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တီကိုတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး နေရာလွတ်တွေ ပေါ်လာခဲ့တာပါ။

ပွဲချိန် ၁၀၄ မိနစ်မှာတော့ ရီးရဲလ်တို့ နောက်ကလိုက်ပြီး အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ နာချိုပေးတဲ့ ဘောလုံးကို အဆန်စီယိုက ဂိုးရှေ့ ဖြတ်ပို့အပေးမှာ ဗီနီးရှပ်စ်ရဲ့ ကန်ချက်က ဘောလုံးမထိဘဲ ချော်သွားခဲ့ပေမယ့် ဘယ်အစွန်မှာ လူကပ်မခံရဘဲ လွတ်နေတဲ့ ဘင်ဇီးမားက စိတ်ကြိုက်ကန်ချက်နဲ့ တိုင်ခြေကို အပြင်းကန်သွင်းပြီး လှလှပပ အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပို ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဒီပိုင်းနဲ့ ကာရက်စ်ကိုတို့ ဦးဆောင်တဲ့ အက်သလက်တီကို တိုက်စစ်က အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အလောတကြီးနဲ့ ဖြုန်းတီးသွားခဲ့ကြသလို ဂိုးသမား ကူတွာနဲ့ အိမ်ရှင်ခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ရီးရဲလ်တို့ကပဲ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကောင်တာကနေ စီဘာယော့စ် ခင်းပေးတာကို ဗီနီးရှပ်စ်က ဘယ်ခြမ်းကနေ ဧရိယာထဲကို ဆွဲဝင်လာပြီး ကန်ဖို့ အပေါက်ရှာခဲ့ရာမှာ ခြေကုန်သွားလို့ မဖျက်နိုင်တော့တဲ့ တီကို နောက်ခံလူ သုံးယောက်ကြားကနေ မန်ဒါဗာကို ကျော်ဖြတ်အပြီးမှာ အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ အော့ဘ်လက်ခ် စိတ်ပျက်သွားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့က အက်သလက်တီကို မက်ဒရစ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြသလို စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဘီလ်ဘာအို၊ ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ထဲက ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ တနင်္လာနေ့ မဲခွဲပွဲမှာ တွေ့ကြုံရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။