Premier League,  ဘောလုံးသတင်း

တစ်ရာသီကန်ပြီး လစ်ရတော့မယ့် ကူလီဘေလီနဲ့ ချဲလ်ဆီးက ရှင်းထုတ်သွားမယ့်သူ ၉ ဦး

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ အသင်းကနေ ကစားသမား ၉ ဦးကို နွေရာသီမှာ ရှင်းထုတ်သွားဖို့ ပြင်ဆင်နေပြီး ပိုင်ရှင်သစ် တော့ဒ် ဘိုလီနဲ့ နည်းပြသစ် ဂရေဟမ် ပေါ့တာတို့ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တဲ့သူတွေကို အသိပေးထားသလို ဒီထဲမှာ ပြီးခဲ့တဲ့ နွေရာသီကမှ ရောက်ရှိလာခဲ့တဲ့ ခံစစ်မှူး ကာလီဒူး ကူလီဘေလီလည်း ပါဝင်နေခဲ့ပါတယ်။

ဆီနီဂေါနောက်ခံလူအနေနဲ့ နာပိုလီအသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တီးစ်ရဲ့ လောဘကြောင့် နေပယ်လ်အသင်းမှာ အသက် ၃၀ ကျော်တဲ့အထိ ကစားခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးအသင်းကို အသက် ၃၁ နှစ်အရွယ်မှာမှ ‌ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်းနဲ့ ရောက်ရှိလာခဲ့သလို နည်းပြဟောင်း သောမတ်စ် တူဟယ်လ်က ခေါ်ယူခိုင်းခဲ့တာပါ။

အသက်အရွယ်ကောင်းမှာ ရှိနေစဉ်က မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့လို အသင်းတွေနဲ့ နာမည်ထွက်ခဲ့ပေမယ့် ပိုင်ရှင် ရေဘဝဲကြီးရဲ့ ပေါင်သန်း ၈၀ လောက် တောင်းဆိုမှုကြောင့် ဘယ်သူမှ မခေါ်နိုင်ခဲ့တဲ့နောက် စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာချိန်မှာတော့ အကောင်းဆုံး အနေအထားမှာ
ရှိနေသေးရဲ့လားလို့လည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

နည်းပြသစ် ဂရေဟမ် ပေါ့တာကတော့ သူ့လက်ထက်မှာ မိုနာကိုရဲ့ ပြင်သစ်နောက်ခံလူ ဘယ်နွာ ဘာဒီယာရှီးလ်ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဆီနီဂေါသားကို အရန်ခုံမှာပဲ ထိုင်ခိုင်းထားခဲ့ပြီး နွေရာသီမှာတော့ အသက် ၃၂ နှစ် ပြည့်မှာဖြစ်သလို တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းနီးပါး ပေးနေရတဲ့ ကူလီဘေလီကို ရှင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ဖို့ ကံသေကံမ မပြောနိုင်ဘဲဖြစ်နေပြီး နှစ်တိုင်းနီးပါး ယူရိုပါလိဂ်ကန်နေကျ မြို့ခံပြိုင်ဘက် အာဆင်နယ်တို့က အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့ချိန်မှာ ကျန်သုံးနေရာအတွက် မန်ချက်စတာနှစ်သင်း၊ နယူးကာဆယ်လ်နဲ့ စပါးစ်တို့က သူတို့ထက် အခြေအနေပိုကောင်းနေခဲ့သလို အမှားခံမယ့် အနေအထားမှာလည်း ရှိမနေခဲ့တာဖြစ်ပါတယ်။

အခန့်မသင့်ရင် ယူရိုပါလိဂ် ကစားခွင့်လောက်နဲ့ နှစ်သိမ့်သွားရနိုင်တဲ့ ချဲလ်ဆီးတို့အနေနဲ့ ရာသီကုန်ချိန်မှာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဏာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့ လုပ်ဆောင်သွားရနိုင်ပြီး ဒီအတွက် ကစားသမား ၉ ဦးအထိ ရောင်းထုတ်ခြင်းနဲ့ စာချုပ်ဖျက်သိမ်း/သက်တမ်းမတိုးတော့ခြင်းတွေကို လုပ်ဆောင်သွားမှာဖြစ်သလို ဒီထဲမှာ ပရိသတ်အချစ်တော် အန်ဂိုလို ကွန်တေလည်း ပါဝင်နေခဲ့ပြီဖြစ်ပါတယ်။

ပရိသတ်ချစ်ပေမယ့် ဒဏ်ရာက လွှမ်းမိုးနေတဲ့ ကွန်တေကို စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ ယူဆရသလို ကျန်တဲ့အထဲက အမေရိကန် ဂီလာနလေး ခရစ္စတီယန် ပူလီရှစ်ချ်၊ အသင်းပြောင်းချင်နေတဲ့ ဟာကင်းမ် ဇီးယက်ရှ်၊ ဂျင်းမဲကြီး ရိုမီလူ လူကာကူး၊ ညာစားသူကြီး ပျယ်-အမ်မရိခ် အူဘာမီယန်းတို့လည်း ဒီစာရင်းထဲမှာ ထည့်သွင်းသွားခဲ့ပါတယ်။

အသင်းကို ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလား ရယူပေးစဉ်က အဓိကလူတွေဖြစ်ခဲ့တဲ့ ခရိုအေးရှားကွင်းလယ်လူ မက်တီယို ကိုဗာချစ်ချ်နဲ့ အင်္ဂလန် ကွင်းလယ်ဖန်တီးရှင် မေဆန်မောင့်တို့ကိုလည်း အရောင်းစာရင်း တင်သွားမယ်လို့ သတင်းထွက်နေခဲ့ပြီး ပုံမှန်နေရာပေးနိုင်လောက်အောင် မကောင်းသလို လူတွေ ပုံနေတဲ့ တောင်ပံကို ဝင်မတိုးနိုင်လောက်တဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းကိုလည်း အပြီးရောင်းထုတ်သွားဖို့ ချဲလ်ဆီးတို့ စီစဉ်နေခဲ့တာပါ။

ချဲလ်ဆီးတို့အနေနဲ့ ဒီကစားသမား ၉ ဦးကို ရှင်းထုတ်မယ့် အစီအစဉ်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ကနေ ၃၀၀ အထိ ရရှိနိုင်သလို လစာငွေအားဖြင့်လည်း တစ်နှစ်စာကို ပေါင်သန်း ၂၀၀ လောက် ကုန်ကျနေတဲ့အထဲက သုံးပုံတစ်ပုံလောက် (အငှားတွေ ပြန်ပို့ခြင်းအပါဝင် ခန့်မှန်းခြေ ပေါင် ၇၁ သန်းဝန်းကျင်) လျှော့ချသွားနိုင်မှာဖြစ်လို့ လက်ရှိအချိန်ကတည်းက အသင်းနဲ့ အစေးမကပ်တော့သူတွေကို ပရိသတ်တွေ ကြိုတင်နှုတ်ဆက်ထားနိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။