Laliga,  ဘောလုံးသတင်း

ဘာစီလိုနာကို ကစားသမားသစ်ခေါ်ခွင့် ပိတ်လိုက်တဲ့ လာလီဂါ

ဘာစီလိုနာအသင်းဟာ ကစားသမားသစ် ခေါ်ယူတာ ဒါမှမဟုတ် မှတ်ပုံတင်တာမျိုး ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့ လာလီဂါဥက္ကဌက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ အယ်လ်မီးရီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့်လည်း လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဆဲဖြစ်ပေမယ့်လည်း ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာ အားလုံး သိရှိထားပြီး ဖြစ်ပါတယ်။ နွေရာသီမှာ ဘာစီလိုနာအသင်းဟာ ပထမအသင်းကစားသမားတွေကို လစာလျှော့ယူခိုင်းခဲ့သလို ရုပ်သံမူပိုင်ခွင့်နဲ့ ကိုယ်ပိုင် မီဒီယာ ထုတ်လွှင့်ခွင့်တွေကို ရောင်းချပြီး ဘဏ္ဍာရေးအကြပ်အတည်းတွေကို ဖြေရှင်းခဲ့ရတာ ဖြစ်ပါတယ်။

အဆံးမှာတော့ ဖရန့်ခ် ကက်ဆီ၊ ခရစ္စတင်ဆန်၊ ရာဖင်ညာ၊ လီဗန်ဒေါ့ဗ်စကီး၊ ဂျူးစ် ကွန်ဒေတို့လို ကစားသမားတွေကို ယူရို ၁၅၃ သန်း သုံးစွဲပြီး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစာပေးချေနေရတဲ့ ပမာဏကို လျှော့ချဖို့နဲ့ ဝင်ငွေထွက်ငွေကို ထိန်းညှိဖို့အတွက် ဘာစီလိုနာအသင်းဟာ ပထမအသင်းကစားသမားတွေကို လစာလျှော့ယူပေးဖို့ တောင်းဆိုခဲ့ပြီး ရောင်းချလို့ ရနိုင်သမျှ ပိုင်ဆိုင်မှုတွေကို ရောင်းချခဲ့ပေမယ့်လည်း ကတ်တလန်အသင်းဟာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပြီး လာလီဂါက ၎င်းတို့အပေါ်မှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေဆဲဖြစ်ပါတယ်။

လာလီဂါဥက္ကဌ ဇေးဗီးယား တီဘက်စ်က ဘာစီလိုနာအသင်းအနေနဲ့ အသင်းမှာရှိနေတဲ့ကစားသမားတွေကို မရောင်းချဘူးဆိုရင် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူမှု တစ်ခုမှ ပြုလုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ကစားသမားတွေကို ရောင်းထုတ်ခဲ့မယ်ဆိုရင်တောင်မှ ရရှိလာတဲ့ ပမာဏထဲက ၄၀ ရာခိုင်နှုန်းကိုသာ သုံးစွဲနိုင်မှာဖြစ်ပြီး ဘတ်ဂျက် ပမာဏက ယူရိုသန်း ၂၀၀ အနုတ်လက္ခဏာအောက်မှာ ရှိနေတာ ဖြစ်ပါတယ်။

“ဒီနေ့အထိ ဘာစီလိုနာဟာ လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးသုံးစွဲဖို့ သူတို့ရဲ့ ဘတ်ဂျက်ထဲမှာ နေရာလွတ်ရှိမနေပါဘူး။ ဘာစီလိုနာဟာ လာလီဂါအပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့တဲ့ မေးခွန်းထုတ်စရာအပြုအမူတွေမှာ ပါဝင်ပတ်သက်ခဲ့ပြီး ကျွန်တော်တို့ သင့်တော်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်နေပါတယ်။ သူတို့အနေနဲ့ နောက်ထပ်ကစားသမားတွေ ခေါ်ယူလို့ မရနိုင်ဘူးလို့ သတ်မှတ်ထားပါတယ်။ သူတို့တွေဟာ ရုပ်သံမူပိုင်ခွင့်ထဲက ယူရိုသန်း ၇၀၀ ရောင်းချခဲ့ပြီး အခြေအနေကို ဖြေရှင်းဖို့အတွက် မတူညီတဲ့နည်းလမ်းတွေကို ရှာဖွေဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် သူတို့တွေ အဲဒါကို လာမယ့်ရာသီမှာ လုပ်နိုင်မှာမဟုတ်ပါဘူး”

“ကျွန်တော်တို့မှာ တင်းကြပ်တဲ့ စီးပွားရေးအရ ထိန်းချုပ်မှုတွေ ရှိပါတယ်။ ဈေးကွက်တစ်ခုချင်းစီရဲ့ အဆုံးမှာ ကျွန်တော်တို့ဟာ လာလီဂါက ကလပ်အသင်းအားလုံးကို သူတို့တွေ ဘယ်လောက်သုံးစွဲနိုင်လဲဆိုတာကို ပြောပါတယ်။ ဘာစီလိုရဲ့ ဖြစ်စဉ်မှာ သူတို့တွေက လစာအပေါ် သုံးစွဲနေရတဲ့ပမာဏနဲ့ အပြောင်းအရွှေ့တွေကနေတဆင့် ယူရိုသန်း ၆၅၀ ကနေ ယူရိုသန်း ၄၅၀ အထိ လျှော့ချနိုင်ခဲ့ပါတယ်။ အဲဒီတော့ ဘတ်ဂျက်က အနုတ် ယူရိုသန်း ၂၀၀ ပါ”

“သူတို့တွေ ကစားသမားတွေကို ရင်းနှီးမြှုပ်နှံရာမှာ လျှော့ချဖို့ လိုအပ်ပြီး ကစားသမားတွေကို ရောင်းချဖို့ တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ရောင်းချရာကနေ ရလာတဲ့ ပမာဏထဲက ၄၀ ရာခိုင်နှုန်းကို သုံးစွဲနိုင်မှာမို့လို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါက ချမှတ်ထားတဲ့ လစာသတ်မှတ်ချက်ကို လိုက်နာခဲ့ပေမယ့်လည်း မကြာသေးမီက FFP စည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် ဒဏ်ငွေပေါင် ၇၀၅၀၀၀ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီပြစ်ဒဏ်ချမှတ်မှုဟာ ဒန်နီ အဲဗက်စ်၊ ခရစ္စတင်ဆန်တို့ကို ခေါ်ယူမှု အပါအဝင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ရော်နယ် အာရာအူဟိုကို စာချုပ်သက်တမ်းတိုးခဲ့တဲ့ကိစ္စနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။