Bundesliga,  ဘောလုံးသတင်း

ဘိုင်ယန်ကို ပြောင်းပြီး နှစ်လအကြာမှာပဲ ထင်ထားသလိုဖြစ်မလာလို့ စိတ်ဓာတ်ကျနေတဲ့ ကန်ဆယ်လို

ဂျာအို ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ဟာ မန်ချက်စတာစီးတီးအသင်းကနေ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ ပြောင်းရွှေ့ပြီးနောက် ထင်ထားသလို ဖြစ်မလာခဲ့ဘူးလို့ သိရပါတယ်။

ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား ၂ နှစ်ဆက်တိုက် အနိုင်ရရှိခဲ့မှုမှာ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့်လည်း မန်စီးတီးက ပေါ်တူဂီနောက်ခံလူက ပွဲကစားချိန်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ပုံမှန်ပွဲထွက်ကစားချိန် မရရှိခဲ့မှုနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့် ဒေါသထွက်ခဲ့တာဖြစ်ပြီး အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနောက်ခံလူဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် မီးစိမ်းပြခြင်းခံခဲ့ရပြီး ပေါင် ၆၁ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ပွဲဦးထွက်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှုနဲ့ ချက်ချင်း အကျိုးသက်ရောက်မှုပြသနိုင်ဖို့ ၁၇ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပြီး ပြီးတဲ့နောက် ဒုတိယမြောက်ပွဲစဉ်မှာလည်း နောက်ထပ်တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဂျာမနီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘဝသစ်ကို ရရှိနေပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ကန်ဆယ်လိုဟာ မန်ချက်စတာစီးတီးနဲ့တုန်းကလိုမျိုး တူညီတဲ့ အနေအထားမှာ ရှိနေပြီဖြစ်ပုံပေါ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံး ၂ ပွဲမှာ ၁၂ မိနစ်သာ ကစားခဲ့ရပြီး ပီအက်စ်ဂျီနဲ့ ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

Sky Sport သတင်းထောက် ဖလိုရီယန် ပလက်တန်ဘာ့ဂ်က အသက် ၂၂ နှစ်အရွယ် ဘိုင်ယန်မြူးနစ်အကယ်ဒမီထွက် ဂျိုဆစ်ပ် စတန်နီဆစ်က ကန်ဆယ်လိုကို ကျော်ပြီး ပွဲထွက် လူစာရင်းထဲမှာ ပါဝင်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျူလီယန် နာဂယ်စ်မန်းလက်အောက်မှာ ကစားနေတဲ့ ကစားဟန်ဟာ ဂွါဒီယိုလာလက်အောက်မှာ ကစားခဲ့တဲ့ အယူအဆမျိုးနဲ့ မတူညီဘဲ ဘိုင်ယန်မြူးနစ်အသင်းကလည်း ခံစစ် ၃ ဦးကစားကွက်နဲ့ လက်ရှိမှာကစားနေတာကြောင့် ကန်ဆယ်လိုက ပုံမှန်ညာနောက်ခံလူအဖြစ် ရှုမြင်ခြင်းခံထားရတာကြောင့် နေရာမရဖြစ်နေတာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ၎င်းရဲ့ အခြေအနေကြောင့် စိတ်ပျက်ဝမ်းနည်းနေတယ်လို့ သိရပြီး တနင်္ဂနွေနေ့ လေ့ကျင့်ရေးက မျက်နှာအမူအရာဟာ အဲဒီ ပြောဆိုမှုတွေက အမှန်ဖြစ်တယ်လို့ ပြသခဲ့ပုံပေါ်ပါတယ်။