Ligue,  ဘောလုံးသတင်း

ပီအက်စ်ဂျီ ချန်ပီယံလိဂ်က ထွက်ရလို့ အပြစ်ပုံချခံနေရတဲ့ မက်ဆီ

ပီအက်စ်ဂျီတောင်ပံကြယ်ပွင့်ဟောင်း ဂျရုန်း ရိုသမ်ဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးက လိဂန်းချန်ပီယံတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထွက်ခွာရအောင် တားဆီးပေးနိုင်ခဲ့ခြင်းမရှိခဲ့တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

လိဂန်းချန်ပီယံတွေဟာ ဗုဒ္ဓဟူးနေ့ညက အဲလီးယန့်ဇ် ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၃-၀ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအတွက် ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ အပါအဝင် ဖြစ်ခဲ့တာဖြစ်ပြီး ၂ ကျော့စလုံးမှာ အသင်းအတွက် အကျိုးသက်ရောက်မှု ပြသနိုင်ခြင်း မရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

မြူးနစ်က လီယွန်နယ် မက်ဆီရဲ့ စိတ်ပျက်စရာကောင်းတဲ့စွမ်းဆောင်ရည်ကြောင် ဂျရုန်း ရိုသမ်က ပီအကစ်ဂျီအသင်းအတွက် ဘလွန်ဒေါ ၇ ဆုရှင်ရဲ့ ပေးဆပ်ကစားမှုအပေါ် မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး ပြင်သစ်တောင်ပံကစားသားဟောင်းက အာဂျင်တီးနားတိုက်စစ်မှူးက ပရိသတ်တွေကို မလေးမစားလုပ်နေတာလို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရိုသမ်က လီယွန်နယ် မက်ဆီအနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း လုပ်ဆောင်ပြနိုင်ခြင်း မရှိတာကြောင့် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာဖို့လည်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“နှုတ်ဆက်ပါတယ် လီယို။ ပြန်သွားလိုက်ပါတော့။ ဘယ်နေရာလဲတော့ ကျွန်တော် မသိဘူး။ ခင်ဗျားအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီမှာတော့ မဟုတ်ဘူး။ မက်ဆီနဲ့ပတ်သက်ပြီး ဒီလိုပြောရတာက ဆိုးရွားပါတယ်။ ကျွန်တော်က ဘာကောင်မှမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူရောက်လာကတည်းက စိတ်ပျက်ခဲ့တာပါ။ ကျွန်တော် သူ့ကို အရမ်းကောင်းတဲ့ကစားသမားအဖြစ် သတ်မှတ်ခဲ့တာပါ။ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားအဖြစ်ပါ”

“ကျွန်တော် ဒီအသင်းရဲ့ ပရိသတ်တစ်ယောက်အဖြစ်နဲ့ သူ့ဆီကနေ တစ်စုံတရာကို မျှော်မှန်းခဲ့တာဖြစ်ပြီး အဲဒါက ပေးဆပ်ကစားမှုပါ။ သူက သူ့ရဲ့ ပေးဆပ်ကစားမှု၊ သူ့ပုံရိပ်၊ သူ လုပ်ခဲ့တဲ့ အားထုတ်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ မျက်နှာတွေကို ပြုံးပျော်စေခဲ့တယ်။ အနည်းဆုံး ပေးဆပ်ကစားမှု အဆင့်အတန်းတစ်ခုတော့ လိုအပ်တယ်။ ပွဲကြီးတွေမှာ ပိုတောင်လိုသေးတယ်”

“လီယွန်နယ် မက်ဆီကို ခေါ်ခဲ့တက ပီအက်စ်ဂျီအသင်းကို ပွဲကြီးပွဲကောင်းတွေမှာ အပြောင်းအလဲတွေ လုပ်နိုင်အောင်ပါ။ ကျွန်တော် သူ့ကို ဘာစီလိုနာတုန်းကလိုမျိုး စိတ်ဆန္ဒရှိဖို့ တောင်းဆိုနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အရမ်းကို စိတ်ပျက်မိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။