Premier League,  ဘောလုံးသတင်း

စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ ဆာကာနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့တဲ့ အီဒူး

အာဆင်နယ်တောင်ပံကြယ်ပွင့် ဘူကာယို ဆာကာဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေစေမယ့် တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းတန်ကြေးရှိတဲ့ ကာလရှည် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

ဆာကာက အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အာတီတာရဲ့စီမံကိန်းအတွက် အရေးကြီးတဲ့ကစားသမားအဖြစ် ဆက်လက် ရှိနေတာဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးက အာတီတာရဲ့အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆာကာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာက ဘယ်လောက်အထိအဓိပ္ပာယ်ရှိလဲဆိုတာကို ဖွင့်ဟခဲ့ပါတယ်။

“ဘူကာယိုရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ အားလုံးနဲ့ အလုပ်လုပ်ခဲ့ရတာ အရမ်း ပျော်စရာကောင်းခဲ့ပါတယ်။ ဆူကာယိုနဲ့ အလုပ်ပြင်းပြင်းထန်ထန် လုပ်ရတာနဲ့ အကယ်ဒမီကနေ ပထမအသင်းအထိ အလွန်ကောင်းမွန်တဲ့ ခရီးလမ်းမှာ တွေ့ကြုံခဲ့ရတာတွေအတွက် အသင်းမှာရှိနေတဲ့ ကျွန်တော်တို့အားလုံးအတွက် အရမ်းဂုဏ်ယူစရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ဘူကာယိုက အခုဆိုရင် ပြိုင်ပွဲထဲက အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့နဲ့အတူ သူ့ ကစားသမားဘဝ နောက်အဆင့်ကို အတူတူ ဖြတ်သန်းဖို့ စောင့်မျှော်နေပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာကလည်း “ဘူကာယိုက သူ့စာချုပ်ကို သက်တမ်းတိုးမြှင့်ခဲ့တာ အသင်းအတွက် အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ လူငယ်ပါရမီရှင်တွေကို ထိန်းသိမ်းနိုင်တာက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ အဓိကသော့ချက်ဖြစ်ပြီး ဘူကာယိုက ကျွန်တော်တို့ လူစာရင်းရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ကိုယ်စားပြုနေပါတယ်။ ထူးခြားဆန်းကြယ်တဲ့အရည်အချင်းရှိသူဖြစ်သလို ဘူကာယိုက ထူးခြားတဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့အားလုံးရဲ့ ချစ်မြတ်နိုးခြင်းခံရပြီး ဒီနေ့ရောက်ရှိနေတဲ့ အဆင့်အတန်းကို ရောက်ရှိနိုင်ဖို့ လုပ်ခဲ့တဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားမှု၊ ပေးဆပ်မှုအတွက် သူ့ကိုယ်သူနဲ့ သူ့ မိသားစုကို ချီးကျူးရမှာပါ။ အဲဒီတော့ လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ပရိသတ်တွေနဲ့ အတူတူ ဆာကာရဲ့ ဆက်လက်တိုးတက်လာမှုကို ပျော်ရွှင်ခံစားဖို့ စောင့်မျှော်နေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။