Ligue,  ဘောလုံးသတင်း

ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ချိုးခဲ့တဲ့ မက်ဆီကို တကယ့်GOAT အစစ်လို့ ချီးကျူးခဲ့တဲ့ ပရိသတ်များ

လီယွန်နယ် မက်ဆီဟာ စထရာဘိုးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒို ရေးထိုးထားခဲ့တဲ့ နောက်ထပ်စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဘလွန်ဒေါဆုကို ၁၂ ကြိမ်အထိ အလှည့်ကျ ရယူခဲ့ကြပြီး လိဂ် မတူညီတော့တာတောင်မှ ပရိသတ်တွေကြားမှာ အမြဲတမ်း နှိုင်းယှဉ်စရာဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီဟာ စနေနေ့ညမှာတော့ ကာလရှည်ပြိုင်ဘက်ထက် အသာစီး ရရှိသွားခဲ့ပြီဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ပီအက်စ်ဂျီအသင်းကို လီဂူးဝမ်းဖလား ဆွတ်ခူးနိုင်စေမယ့် ယခုရာသီ ၁၆ ဂိုးမြောက် လိဂ်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ သွင်းဂိုးဟာ အဲဒီထက်တောင် အရေးပါခဲ့သေးတာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ၄၉၆ ဂိုးမြောက် သွင်းဂိုး ဖြစ်ခဲ့တာကြောင့် ၄၉၅ ဂိုး သွင်းယူထားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မက်ဆီဟာ ခီလီယန် အမ်ဘာပေရဲ့ ကောင်းမွန်တဲ့ ပေးပို့မှုအပြီးမှာ ဂိုးကန်သွင်းမှု ပြုလုပ်သွားနိုင်ခဲ့တာဖြစ်ပြီး ၄၉၆ ဂိုး စံချိန်သစ်ကို ၄၉ ပွဲလျော့ကစားပြီး ရေးထိုးသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီအသင်းပရိသတ်တွေနဲ့ ဆက်ဆံရေး ဆိုးရွားနေခဲ့တာဖြစ်ပြီး လိုရွန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဆော်ဒီ အာရေဗျကိုအလည်အပတ်သွားရောက်ခဲ့တာကြောင့် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းနဲ့ ပရိသတ်တွေကို အပြည့်အဝ တောင်းပန်မှုတွေ၊ ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ယခုလအစောပိုင်း အဂျက်စီယိုနဲ့ ပွဲမှာ ပြန်လည်ပါဝင်ကစားချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီ လီဂူးဝမ်းမှာ သွင်းဂိုး ၁၆ ဂိုး၊ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားသူဖြစ်ပြီး လာမယ့် စနေနေ့ ကလဲမွန့်က ပီအက်စ်ဂျီအိမ်ကွင်းကို လာရောက်ယှဉ်ပြိုင်မယ့် ပွဲစဉ်အပြီးမှာ အာဂျင်တီးနားကြယ်ပွင့်ဟာ တိုတောင်းတဲကာလအတွင်း ၂ ကြိမ်မြောက် လိဂူးဝမ်းဖလားကို ကိုင်မြှောက်သွားတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စနေနေ့ညမှာ စထရာဘိုးနဲ့ စိတ်လှုပ်ရှားဖွယ် ထိပ်တိုက်တွေ့ဆုံမှုမှာ သရေရလဒ်သာ ရှိခဲ့ပေမယ့်လည်း ဒုတိယနေရာက လွန်းစ်နဲ့ ၄ မှတ်အထိ ကွာဟနေတာကြောင့် လာမယ့်ပွဲစဉ်ရလဒ်က ဘယ်လိုပဲထွက်ပေါ်လာသည်ဖြစ်စေ ၂ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ အစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ပြည်တွင်းမှာတော့ ဘယ်အသင်းမှ ယှဉ်လို့မရဘူးဆိုတာကို ထပ်မံသက်သေပြသခဲ့ပြီး ၅၉ မိနစ်မှာ လီယွန်နယ် မက်ဆီက ကလပ်အသင်းသွင်းဂိုး ၄၉၆ ဂိုးမြောက် စံချိန်သစ် ရေးထိုးနိုင်မယ့် သွင်းဂိုးနဲ့ လိဂူးဝမ်းကလပ်အသင်းကို နောက်ထပ်တစ်ကြိမ် ဆုဖလားရရှိစေခဲ့တာဖြစ်ပါတယ်။