Premier League,  ဘောလုံးသတင်း

ကိန်းနဲ့ဂရင်းဝုဒ်တို့ပါဝင်တဲ့ အပြောင်းအရွှေ့ ဝန်ခံချက်ပြုလုပ်ခဲ့တဲ့ တန်ဟက်နဲ့ ဒဟေးယားအနာဂတ်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ယခုနွေရာသီမှာ တိုက်စစ်မှူး ခေါ်ယူဖို့ စျေးကွက်ထဲမှာ ရှာဖွေနေတယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး ဟာရီ ကိန်းနဲ့ မေဆန် ဂရင်းဝုဒ်တို့ ၂ ဦးစလုံးက အတွေးထဲမှာရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီမှာ ဆုဖာလးအတွက် စိန်ခေါ်ဖို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းသွားနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လာမယ့်ရာသီမတိုင်ခင် တိုးတက်အောင် လုပ်ဖို့ လိုအပ်နေတဲ့အရာက သွင်းဂိုးတွေဖြစ်ပြီး ရက်ရှ်ဖို့ဒ် ပြိုင်ပွဲစုံ ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တိုက်စစ်မှူး ဖြစ်တဲ့ မာစီယယ်လ်ကတော့ တစ်ရာသီလုံး ၉ ဂိုးသာ သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အဲရစ် တန်ဟက်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဘေးမှာ ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦး လူစာရင်းထဲကနေပဲ ထွက်လာမလား ဒါမှမဟုတ် ကစားသမားသစ် ခေါ်ယူရမလားဆိုတာကို စဉ်းစားဖို့လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ အသင်းရောင်းချဖို့ လုပ်ဆောင်နေတာကြောင့် အပြောင်းအရွှေ့စီမံကိန်းတွေကို ခဏဆိုင်းထားတာဖြစ်ပါတယ်။

တန်ဟက် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကတောင်မှ ယခုနွေရာသီမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဘယ်လောက်အထိ သုံးစွဲဖို့ ဘတ်ဂျက်ရမလဲဆိုတာ သေချာမသိရသေးဘူးလို့ ဝန်ခံခဲ့ပြီး စပါးစ်ကတော့ ကြယ်ပွင့်တိုက်စစ်မှူးအတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ခြေရှိတာက အကယ်ဒမီထွက်တိုက်စစ်မှူး ဂရင်းဝုဒ်ဖြစ်ပြီး မုဒိမ်းမှု၊ အကြမ်းဖက်မှုကြောင့် တရားစွဲဆိုခံခဲ့ရတဲ့အချိန်ကတည်းက အင်္ဂလန်တိုက်စစ်မှူးကို အသင်းနဲ့ ပူးပေါင်းခွင့်ကို ပိတ်ပင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်က မန်ချက်စတာယူနိုက်တက် လိုအပ်နေတဲ့ ဂိုးသွင်းနှုန်းမျိုး အထောက်အပံ့ပေးနိုင်မလားလို့ မေးမြန်းခြင်းခံရချိန်မှာ တန်ဟက်က “အရင်တုန်းက ပြသခဲ့တာကတော့ သူက ဂိုးတွေသွင်းယူနိုင်စွမ်းရှိပါတယ်။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြက မေဆန် ဂရင်းဝုဒ်ကို အသင်းလူစာရင်းထဲ ပြန်လည်ပေါင်းစည်းဖို့ ဆုံးဖြတ်ချက်ဟာ ၎င်းကိုယ်တိုင် ချမှတ်လို့ရတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးဆိုတာကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ပထမအသင်းထဲမှာ ပါဝင်ကစားပေးခွင့်ရရှိခဲ့ချိန်ကတည်းက ၁၂၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၃၅ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ကိန်းနဲ့ ဂရင်းဝုဒ်တို့က လာမယ့်ရာသီ မန်ယူနိုက်တက်အတွက် ရွေးချယ်စရာအဖြစ် ရှိနေချိန်မှာ နောက်ထပ် သတင်းထွက်နေခဲ့တဲ့ တိုက်စစ်မှူးကတော့ ထိပ်တန်းခြေစွမ်းရရှိနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆီမန်ဖြစ်ပါတယ်။

အီတလီက သတင်းတွေရဲ့ ဖော်ပြချက်အရ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ နာပိုလီမှာ ဆက်နေဖို့အတွက် စာချုပ်သစ် ချုပ်ဆိုသွားနိုင်တယ်လို့ သိရပြီး စီးရီးအေချန်ပီယံတွေဟာ အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့အသင်းတွေနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒေးဗစ် ဒဟေးယားဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီဖြစ်ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေ လက်မှတ်ထိုးဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်မှာ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ထက်လျော့နည်းတဲ့ စာချုပ်သစ်ကို ဆွေးနွေးနေခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ၂၀၁၁ ခုနှစ်ကတည်းက အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့ပေမယ့် ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကတော့ ပရီးမီးယားလိဂ်မှာ တစ်ရာသီအတွင်း ပေးဂိုးမရှိပွဲအများဆုံးရရှိအောင် လက်စွမ်းပြခဲ့တဲ့ ယခုရာသီ ရွှေလက်အိတ်ပိုင်ရှင် ဒဟေးယားအနေနဲ့ အသင်းမှာ ဆက်နေမယ်လို့ မျှော်လင့်ထားတယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုအခြေအနေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။