ဘောလုံးပွဲကြိုခန့်မှန်း

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် ည ၆:၀၀ နာရီ)

အာဆင်နယ်အတွက် ရာသီအဖွင့် (၃) မှတ်က အခက်အခဲ သိပ်မရှိနိုင်ဘူး။ မနှစ်က နော်တင်ဟမ်ဖောရက်စ်ကို (၁) ပွဲနိုင်၊ (၁) ပွဲရှုံးဖြစ်ခဲ့တာ နှမြောစရာကောင်းခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတုန်းက (၅) ဂိုးပြတ်နိုင်ခဲ့တယ်။ အခုအချိန်မှာ အာဆင်နယ်က ပိုပြီး ယုံကြည်မှုမြင့်မားလာသလို၊ အားပိုကောင်းလာတယ်။ အာဆင်နယ်တိုက်စစ် ဂိုးမြူးလိမ့်မယ်လို့လည်း ယူဆရတယ်။ 



ဘုန်းမောက် – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် ည ၈:၃၀ နာရီ)

ဝက်စ်ဟမ်းအသင်းက ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး၊ ဘုန်းမောက်ကတော့ မနှစ်က တန်းမဆင်းအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂယ်ရီအိုနေးလ် မရှိတော့ဘူး။ နည်းပြသစ် အာရီယိုလာ လက်ထက်မှာ ဘယ်လိုစွမ်းဆောင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ လက်ရှိ အနေအထားအရတော့ ရာသီကြိုမှာ ဝက်စ်ဟမ်းရလဒ်တွေ ဆိုးနေပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ ဝက်စ်ဟမ်းကို ကြိုက်တယ်။ 



ဘရိုက်တန် – လူတန် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် ည ၈:၃၀ နာရီ)

ဘရိုက်တန်အသင်းက ကစားသမားကောင်းတွေ ရောင်းထုတ်နေပေမယ့် အသင်းမှာ နောက်ထပ်ကြယ်ပွင့်သစ်တွေ အသင့်စောင့်နေတဲ့အသင်းမျိုးပါ။ နည်းပြ ဒစ်ဇယ်ဘီရဲ့အသင်းက ဒီရာသီမှာလည်း ဘာတွေလုပ်ပြမလဲဆိုတာကို စောင့်ကြည့်ရဦးမယ်။ လူတန်အသင်းက ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်အသင်းတွေကို ယှဉ်နိုင်ဖို့အတွက် ခက်လိမ့်မယ်ထင်တယ်။ ဘရိုက်တန်အနိုင်သေချာတယ်။ 



အဲဗာတန် – ဖူလ်ဟမ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်အသင်းက ပြင်ဆင်မှု ကြီးကြီးမားမား မလုပ်ထားဘူး။ အသင်းမှာ အဓိက ကစားသမားတွေလည်း ငြိမ်ပါတယ်။ အိုနာနာ၊ ကယ်လ်ဗတ်လူဝင်တို့နဲ့ အားပြုကစားမှာဖြစ်ပြီး ဖူလ်ဟမ်က အဲဗာတန်ထက် ကစားပုံ ပိုကောင်းတယ်။ မာကိုဆေးလ်ဗားလက်ထက်မှာ သိသိသာသာတိုးတက်လာတယ်။ မာကိုဆေးလ်ဗားက အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမှာလည်း အဲဗာတန်ဆီက အမှတ်ယူလိမ့်မယ်။ 



ရှက်ဖီးယူနိုက်တက် – ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် ည ၈:၃၀ နာရီ)

တန်းပြန်တက်လာတဲ့ ရှက်ဖီးယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ပဲလေ့စ်ကို ဘယ်လိုရင်ဆိုင်မလဲ စောင့်ကြည့်ရမယ်။ ပဲလေ့စ်က ဇာဟာ ထွက်သွားပေမယ့် ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားသလို၊ စျေးကွက်မပိတ်ခင် ခြေစွမ်းပြဖို့ ကြိုးစားနေမယ့် ကစားသမားတွေလည်း ရှိတယ်။ ပုံမှန်အားဖြင့်အဝေးကွင်း သိပ်အားမကောင်းပေမယ့် ပဲလေ့စ် ဒီပွဲမှာ မရှုံးအောင် ကစားနိုင်မယ်ထင်တယ်။ 



နယူးကာဆယ် – အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် ည ၁၁:၀၀ နာရီ)

စိတ်ဝင်စားစရာကောင်းတဲ့ပွဲပါ။ လာမယ့်ရာသီမှာ စောင့်ကြည့်ရမယ့် အသင်းနှစ်သင်းဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အားရစရာကောင်းတယ်။ လာဇီယို၊ ဗလင်စီယာတို့လိုအသင်းတွေကို အနိုင်ကစားပြပြီးတဲ့နောက် ဗီလာက လျှော့တွက်လို့မရတဲ့ အသင်းမျိုးဆိုတာလည်း တွေ့ရတယ်။ ဒါပေမဲ့ နယူးကာဆယ်ကလည်း နိုင်ပွဲဆက်နေသလို၊ အိမ်ကွင်းလည်းကောင်းပါတယ်။ နယူးကာဆယ် ကပ်နိုင်ဖို့များတယ်။