Serie A,  ဘောလုံးသတင်း

မီလန်ဒါဘီမှာ ငယ်နိုင်ဖြစ်လာတဲ့ အေစီကို ဂိုးပြတ်ဖုတ်ပြီး အရှက်ခွဲပြလိုက်တဲ့ အင်တာ

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ ဒါမီယန်၊ အချယ်ဘီနဲ့ ဘက်စတိုနီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒမ်းဖရီးစ်၊ ဒီမာကို၊ ဘာရဲလား၊ မစ်ခီတာရီယန်နဲ့ ချယ်လ်ဟာနိုးလူးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ လော်တာရို မာတီနက်ဇ်နဲ့ သူရမ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အေစီမီလန်တို့ကတော့ ဂိုးသမား မေညွန်၊ ခံစစ်မှာ ကေယာ၊ သီယော၊ ကာလာဘရီယာနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို စုဖွဲ့ပေးလာခဲ့ပြီး ကွင်းလယ်မှာတော့ ခရူးနစ်ချ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ ရိုင်းဒါးစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ်၊ ရာဖေးလ် လီယာအိုနဲ့ ဂျီရူးတို့ကို တွဲဖက်ပေးခဲ့တာပါ။

ဒါဘီဒယ်လာ မက်ဒွန်နီနာလို့လည်း အီတလီလို ခေါ်တွင်သုံးစွဲကြတဲ့ မီလန်ဒါဘီတွေမှာ နောက်ပိုင်းနှစ်တွေကို အင်တာမီလန်တို့ကပဲ အများအားဖြင့် စိုးမိုးထားနိုင်ခဲ့သလို အေစီမီလန်တို့ ရုန်းကန်နေရပြီး တစ်ခါတစ်လေမှ ကပ်နိုင်တတ်ချိန်မှာ အနက်အပြာ နီရာဇူရီတွေကတော့ ဒီနေ့ပွဲမှာလည်း အိမ်ကွင်းအဖြစ် ပရိသတ်ခွဲတမ်း ပိုရခဲ့တဲ့ ပွဲကို အထသွက်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာကတည်းက အင်တာတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ သူရမ်က တောင်ပံက ဧရိယာထဲကို အနိမ့်ဘော ပြန်ချိုးပေးရာမှာ ဒီမာကိုက ဧရိယာထဲကနေ ဂိုးရှေ့ကို Cross Shot ကန်သွင်းခဲ့ရာမှာ အသင့်နေရာယူထားခဲ့တဲ့ မစ်ခီတာရီယန်က လမ်းကြောင်းပြောင်းပေးပြီး ဂိုးသမား မေညွန်ကို အနီးကပ် အနိုင်ယူသွားခဲ့တာပါ။

ဒီဂိုးအတွက် သူရမ် ဘောလုံးရယူရာမှာ ယှဉ်ပြိုင်လုယူခဲ့တဲ့ ပြိုင်ဘက်နောက်ခံလူ သီယောကို တွန်းချခဲ့တယ်လို့ အေစီမီလန်ကစားသမားတွေက ဒိုင်လူကြီးကို စောဒကတက်ခဲ့ကြပေမယ့် စကတည်းက စည်းကြပ်ဒိုင်က အလံမထောင်ခဲ့သလို VAR ကလည်း ပယ်ချခဲ့တာကြောင့်‌ နောက်ဆုံးမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပြစ်ဒဏ်ဘောရဖို့ မျှော်လင့်နေခဲ့တဲ့ သီယောကို စီနီယာတိုက်စစ်မှူး ဂျီရူးက အော်ဟစ်ကြိမ်းမောင်းမှုနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာ အင်တာမီလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ရသွားတဲ့ ဒမ်းဖရီးစ်က အဝေးတိုင်ဘက်ကို ဖြတ်ပို့ပေးရာမှာ ဘောလုံးက များသွားခဲ့ပေမယ့် သူရမ်က လိုက်လံရယူပြီးမှ အတွင်းကို ပြန်ပေးမလိုလိုနဲ့ ညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းယူခဲ့ရာမှာ အေစီမီလန်တို့ နာကျင်ခဲ့ကြရတာပါ။

ပထမပိုင်းမှာ အင်တာတို့က အေစီတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး အနီအနက်‌ ရော့ဆိုနီရီတွေရဲ့ နည်းပြ ပီယိုလီအနေနဲ့တော့ ဒီပွဲမှာ တိကျရေရာတဲ့ ပလန်မရှိသလို ပူလီရှစ်ချ်၊ လီယာအိုတို့ရဲ့ တောင်ပံနှစ်ဖက် အမြန်နှုန်းနဲ့သာ ကောင်တာကစားဖို့ တစ်ပေါက်တည်းကို ရွေးချယ်ခဲ့လို့ အိမ်ရှင်တွေ အကြိုက်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အေစီမီလန်တို့အတွက် မျှော်လင့်ချက်ရှိစေမယ့် ချေပဂိုးကို ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တိုက်စစ်မှူး ဂျီရူးရဲ့ အကွက်မြင်တဲ့ ပေးပို့မှုနဲ့ အင်တာခံစစ်ကြားကနေ မျှောထိုးပေးတာကို လီယာအိုက တစ်ယောက်တည်း ညံ့နေတဲ့ ဒါမီယန်ကို ကျော်ဖြတ်ပြီး ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီးမှ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ အင်တာတို့ကပဲ ဦးဆောင်မှုကို ပြန်လည်တိုးမြှင့်နိုင်ခဲ့ပြီး တတိယဂိုးကို ထပ်မံရယူခဲ့သလို ဒီဂိုးကိုတော့ ခံစစ်ကနေ ဘောလုံးပြန်ယူနိုင်ခဲ့တဲ့ ချယ်လ်ဟာနိုးလူးရဲ့ အဝေးဘော ပေးပို့မှုကနေ လော်တာရို မာတီနက်ဇ်က အတွင်းကို ပြန်ထည့်ပေးရာမှာ ပြေးဝင်လာခဲ့တဲ့ မစ်ခီတာရီယန်က တစ်ချက်ဆွဲထုတ်ပြီးမှ ဧရိယာထဲကနေ ကန်သွင်းခဲ့ရာမှာ လူထိပြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ အင်တာတို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကပ္ပတိန်လက်ပတ်ကြီးမှ အားမနာဘဲ ရှေ့မကြည့် နောက်မကြည့် ခြေထောက်မြှောက်ကန်ခဲ့တဲ့ ဟာနန်ဒက်ဇ်ရဲ့ ဖျက်ထုတ်မှုက ဘောလုံးမထိဘဲ မာတီနက်ဇ်ရဲ့ ခြေထောက်ကို ကန်မိတာကြောင့် ပင်နယ်တီ ရရှိခဲ့တာကို ချယ်လ်ဟာနိုးလူးက ဂိုးသမား မေညွန်ကို လှည့်စားပြီး အလယ်တည့်တည့်ကိုပဲ ကန်သွင်းယူသွားခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ အေစီတို့အတွက် Bad to Worse ဖြစ်စေမယ့် ပဉ္စမမြောက်ဂိုးကို အင်တာမီလန်တို့က မညှာမတာ ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ချူကွယ်ဇ်ဆီက လုယူနိုင်ခဲ့တဲ့ ဘောလုံးကို မစ်ခီတာရီယန်က ဆွဲပြေးပြီး ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ လူစားဝင်ကစားသမား ဖရက်တေစီက လျှောထိုးပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ပိုင်း ၅ နှစ်လောက်မှာ မီလန်ဒါဘီတွေကို စိုးမိုးထားနိုင်ခဲ့တဲ့ အင်တာတို့က အေစီတို့ကို ငါးဂိုး-တစ်ဂိုးနဲ့ ပထမဆုံး ရှုံးပွဲကို လက်ဆောင်ပေးပြီး မညှာမတာ အရှက်ခွဲသွားခဲ့သလို စီးရီးအေ အမှတ်ပေးဇယားထိပ်မှာ ၄ ပွဲကစား ၄ ပွဲနိုင် ရမှတ် ၁၂ မှတ်နဲ့ ရှုံးပွဲမရှိဘဲ ဦးဆောင်ထားနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။